close

ဖမ်းဆီးခံ ဂျပန်နိုင်ငံသား ၁ ဦးကို အမြန်ပြန်လွှတ်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ထံ တောင်းဆို

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း မကြာသေးမီကမှ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဂျပန်နိုင်ငံသားတဦးကို ပေကျင်းအနေနဲ့ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဧပြီ ၂ ရက်မှာ ပြောကြားပါတယ်။

တောင်တရုတ်ပင်လယ်က ကျွန်းတွေနဲ့ ပတ်သက်လို့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကြောင့် ၂ နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေစဉ်မှာပဲ ဒီခရီးစဉ် ထွက်ပေါ်လာခဲ့တာပါ။

သုံးနှစ်ကျော်ကာလအတွင်း ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံး လာရောက်မှုဖြစ်သလို ဒေသတွင်းတင်းမာမှု မြင့်တက်နေတဲ့ကြားက ဘုံသဘောတူညီချက် ရှာဖွေနိုင်ဖို့ ၂ နိုင်ငံစလုံးက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အက်စ်တဲလက်စ် ဆေးဝါးကုမ္ပဏီဝန်ထမ်းတဦးဟာ တရုတ်နိုင်ငံမှာ အကြောင်းရင်းမသိရဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတဦးက ပြီးခဲ့တဲ့အပတ်မှာ အတည်ပြု ပြောကြားပါတယ်။

ဒီအမှုကို ထည့်မတွက်ရင်တောင် ၂၀၁၅ ခုနှစ်ကစလို့ သူလျှိုလုပ် ထောက်လှမ်းမှုမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ အနည်းဆုံး ဂျပန်နိုင်ငံသား ၁၆ ဦး တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ကြတဲ့ ဟာယာရှီက ချင်ဂန်းနဲ့ တွေ့ဆုံရာမှာ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေအပေါ် စိုးရိမ်ကြောင်း အသိပေးခဲ့သလို ထိုင်ဝမ်ရေလက်ကြားမှာ တည်ငြိမ်အေးချမ်းနေဖို့ကလည်း အရေးကြီးတယ်လို့ ဒီ ၂ နိုင်ငံအကြား ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

Up