close

စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၂၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၀၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၁၇၀ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၃၀၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၄၉၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဝဲကြီးကျေးရွာနဲ့ အင်ဒေါင်းကျေးရွာကြားမှာ စစ်ဘေးရှောင်တွေရှိတဲ့ ဦးလာဘဘုရားအနီးကို အကြမ်းဖက်စစ်အုပ်စုတပ်က လေယာဉ်နဲ့ လာ ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပြီး တခြားအရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေကတော့  ဝဲကြီး ကျေးရွာက စိုးနိုင်၊ ညိုနွဲ့၊ အောင်ပိုင်၊ မာလာမိုးနဲ့ ကျန် ၂ ယောက်ကတော့ အမည်စုံစမ်းဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါတယ်။ 

ဒေါ်သက်ထားနှောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄ ရက်က ကချင်ပြည်နယ်၊ နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်က နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်မှာတော့ မြစ်ကြီးနားမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

Up