close

ဘရာဇီး မူကြိုကျောင်းတွင် ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ်က ဘလူမန်နောင်မြို့ရှိ ပုဂ္ဂလိက မူကြိုကျောင်းတကျောင်းမှာ ဧပြီ ၅ ရက်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဟာ ပုဆိန်အသေးတလက်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ဦးထက်မနည်း သေဆုံးသွားပြီး နောက်ထပ် ၄ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း နယ်မြေခံရဲတွေနဲ့ ဆေးရုံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူဟာ မူကြိုကျောင်းရဲ့ နံရံတွေကို ခုန်တက်ကျော်လွှားပြီး ကျောင်းထဲကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအကြီးအကဲ မာစီယို အလ်ဘာတို ဖီလစ်ပီက သတင်းထောက်တွေကို ပြောပါတယ်။

မီးသတ်သမား အကြီးအကဲ ဒီယိုဂိုက သူတို့ ကျောင်းကိုရောက်ချိန်မှာ အသက် ၅ နှစ်ကနေ ၇ နှစ်ကြား ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတယောက် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရသွားတဲ့ တခြားကလေး ၄ ယောက်ထဲမှာ ၁ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိလို့ ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မကောင်းဆိုးဝါးလုပ်ရပ်လို့ သမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက သူ့ရဲ့တွစ်တာမှာ ရေးထားပါတယ်။

“ဒီလိုအဖြစ်ဆိုးမျိုးဟာ လက်မခံနိုင်စရာပါပဲ။ အဓိပ္ပာယ်မဲ့ အမုန်းပွားမှုနဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်ပြီးတော့ အပြစ်မဲ့ပြီး အကာအကွယ်မဲ့တဲ့ ကလေးတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်ပဲ” လို့လည်း သမ္မတ လူလာက ပြောပါတယ်။

Up