စွမ်းအင်ဈေးကွက် မတည်မငြိမ်ဖြစ်ရန် ကြိုးပမ်းမှုများကို ရင်ဆိုင်ဖြေရှင်းရန် အမေရိကန်နှင့် အီးယူ ကတိပြု

ယူကရိန်းကို ရုရှားကကျူးကျော်တဲ့အတွက် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (အီးယူ)တာဝန်ရှိသူတွေ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းမှုမှန်သမျှကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဧပြီ ၄ ရက်က ကတိပြုခဲ့ကြပါတယ်။
ရုရှားဟာ မနှစ်က ယူကရိန်းကို ကျူးကျော်အပြီး ဥရောပဆီ ဓာတ်ငွေ့ပေးပို့မှု ဖြတ်တောက်လိုက်ပြီးနောက် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြင်းထန်လာခဲ့ပါတယ်။
ဒါကြောင့် ဥရောပတိုက်ကြီးဟာ စွမ်းအင်ထောက်ပံ့မှုနဲ့ စံချိန်တင်စျေးနှုန်းတွေ မြင့်မားခြင်းတို့အတွက် အကျပ်အတည်းတခုထဲကို ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်နဲ့ အီးယူတို့ဟာ ကျောက်မီးသွေးနဲ့ ရေနံ အပါအဝင် ရုရှားကုန်ပစ္စည်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေအပြင် ပင်လယ်ထွက် ရုရှားရေနံအတွက် G7 က စီစဉ်တဲ့ ဈေးနှုန်းကန့်သတ်ချက်ကိုလည်း ချမှတ်ထားပါတယ်။
“နှစ်ဖက်စလုံးက လုံလောက်တဲ့ အစီအမံတွေနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ဖို့ ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အခြေအနေ မတည်မငြိမ် ဖြစ်စေဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းမှုအားလုံးကို ထပ်ပြောခဲ့တယ်” လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တခြား စွမ်းအင်ပေးသွင်းသူတွေဆီက တင်သွင်းမှု ခုန်တက်လာတာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ ပူနွေးတဲ့ ဆောင်းရာသီနဲ့ ဓာတ်ငွေ့သုံးစွဲမှု အားလုံးကို ကန့်သတ်တဲ့ အီးယူ မူဝါဒတွေကြောင့် ဥရောပဟာ အခုအချိန်မှာ ရုရှားစွမ်းအင်ကို အစားထိုးနိုင်ပြီဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၂၂ ခုနှစ်မှာ အီးယူဆီ သဘာဝဓာတ်ငွေ့ရည် (LNG) ကုဗမီတာ ၅၆ ဘီလီယံ ပေးပို့ခဲ့ပြီး အရင်နှစ် တင်ပို့မှုထက် နှစ်ဆ ပိုမိုများပြားလာတာပါ။
ဒါကြောင့် ဥရောပဟာ အမေရိကန်ထုတ် လောင်စာဓာတ်ငွေ့ရည် ထောက်ပံ့မှုအတွက် ထိပ်တန်းနေရာ ဖြစ်လာခဲ့ပါတယ်။
နျူးကလီးယားလောင်စာနဲ့ ဝန်ဆောင်မှုတွေအတွက် ရုရှားအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ဖို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မယ်လို့ အမေရိကန်-အီးယူ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂဟာ နိုင်ငံ ၂၇ နိုင်ငံက အဖွဲ့ဝင်နိုင်ငံတချို့ အားကိုးအားထားပြုတဲ့ ရုရှားဓာတ်ငွေ့ ဒါမှမဟုတ် နျူးကလီးယားလောင်စာ တင်သွင်းမှုကို ပိတ်ဆို့အရေးယူတာမျိုး မလုပ်ထားပါဘူး။
ရုရှားဟာ အီးယူ နျူးကလီးယား ဓာတ်အားပေးစက်ရုံတွေအတွက် ယူရေနီယံ ၂၀ ရာခိုင်နှုန်းနဲ့ ယူရေနီယံ သန့်စင်ရေးဝန်ဆောင်မှု ၃၁ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်က ထောက်ပံ့ပေးခဲ့တယ်လို့ Euratom Supply Agency က ဆိုပါတယ်။
အမေရိကန်က သူ့အတွက် ယူရေနီယံ ၃၅ ရာခိုင်နှုန်းကို ကာဇက်စတန်ကနေ အခုနှစ်ထဲမှာ တင်သွင်းခဲ့ပြီး ကနေဒါကနေ ၁၅ ရာခိုင်နှုန်း၊ သြစတြေးလျကနေ ၁၄ ရာခိုင်နှုန်းနဲ့ ရုရှားကနေ ၁၄ ရာခိုင်နှုန်း အသီးသီး တင်သွင်းခဲ့ပါတယ်။