အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်ဝမ်သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံက ခြိမ်းခြောက်နေတဲ့ကြားက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီဟာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ ဧပြီ ၅ ရက်က ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။
နှစ်ဦးနှစ်ဖက် အပြန်အလှန် ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောထားကို ဆွေးနွေးခဲ့ကြတယ်လို့ သူတို့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီမိုကရေစီခြိမ်းခြောက်မှု ခံနေရချိန်မှာ ထိုင်ဝမ်ဘက်က ရပ်တည်ပေးခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ဆိုင်အင်းဝမ်က ပြောခဲ့ပါတယ်။
“ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ ကျမတို့ အားကောင်းခိုင်မာရမယ်” ဆိုတဲ့ အမေရိကန် သမ္မတဟောင်း ရော်နယ်ရေဂင်ရဲ့ ယုံကြည်ချက်ကို ကိုးကားပြီး ဆိုင်က မက်ကာသီနဲ့ တခြား ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီမီတောင်ကြားမှာရှိတဲ့ ရော်နယ်ရေဂင် သမ္မတစာကြည့်တိုက်ထဲမှာ တွေ့ဆုံအပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း သမ္မတအဖြစ်ရေဂင် စီးနင်းပျံသန်းခဲ့တဲ့ အပြာနဲ့ အဖြူရောင် ဘိုးရင်းလေယာဉ်ရှေ့က ခန်းမဆောင်တခုမှာ ဆိုင်နဲ့ မက်ကာသီတို့ ဘေးချင်းကပ်လျက် မတ်တပ်ရပ်ရင်း ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် ဆိုင်နဲ့ မက်ကာသီတို့ တွေ့ဆုံမှုမတိုင်မီ တရုတ်လေယာဉ်တင်သင်္ဘော အုပ်စုဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့တောင်ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ ရှိနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထောက်ခံသူတွေဟာ ထိုင်ဝမ်သမ္မတ တယောက်အတွက် အမေရိကန်ပြည်ထောင်စုရဲ့ မြေပေါ်မှာ အမြင့်ဆုံးအဆင့်တွေ့ဆုံပွဲအတွက် ထိုင်ဝမ်အလံတွေကို ဝှေ့ယမ်းရင်း ထိုင်ဝမ် တောင့်ထားလို့ အဓိပ္ပာယ်ရတဲ့ ကျားယိုထိုင်ဝမ်လို့ အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။
ကီဗင်မက်ကာသီဟာ ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်မြေပေါ်မှာ ထိုင်ဝမ်ခေါင်းဆောင်တဦးနဲ့ တွေ့တဲ့ ရာထူးအကြီးဆုံး အမေရိကန်အရာရှိ ဖြစ်လာခဲ့ပါတယ်။