သြစတြေးလျတွင် ကလေးပြန်ပေးဆွဲသူ ၁ ဦး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

သြစတြေးလျအနောက်ပိုင်းမှာ ၄ နှစ်အရွယ် မိန်းကလေး ကလီယိုစမစ်သ်ကို ပြန်ပေးဆွဲပြီး ၁၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ တဲရန့်စ် ကယ်လီ အမည်ရှိ အမျိုးသားတဦးကို ဧပြီ ၅ ရက်မှာ ထောင်ဒဏ် ၁၃ နှစ်ကျော် ချမှတ်ခဲ့ပါတယ်။
စီရင်ချက်ချ ကြားနာပြီးနောက်မှာ သမီးငယ် ကလီယိုစမစ်ရဲ့မိခင် အယ်လီစမစ်သ်ကိုလည်း တရားရုံး အဆောက်အအုံကနေ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။
အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ ကယ်လီဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက် အစောပိုင်းက ဝေးလံခေါင်သီတဲ့ စခန်းချရာနေရာမှာ အိပ်နေတဲ့ ကလီယိုစမစ်သ်ကို ပြန်ပေးဆွဲခဲ့ပြီး ၄၇ မိုင် အကွာရှိ သူ့ရဲ့အိမ်ကို ကားမောင်းခေါ်သွားကာ သူ့အိမ်ရဲ့ အိပ်ခန်းထဲမှာ သော့ခတ်ထားခဲ့ကြောင်း တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့က ဦးဆောင်ပြီး မြေပြင်နဲ့ လေကြောင်းဝန်ထမ်းတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ CCTV မှတ်တမ်းတွေပါ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုအပြီးမှာတော့ ၄ နှစ်သမီးလေး ကလီယိုစမစ်သ်ကို နိုဝင်ဘာ ၃ ရက်မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဩစတြေးလျရဲ့ ဌာနေတိုင်းရင်းသားတယောက်ဖြစ်တဲ့ ကယ်လီဟာ ၁၁ နှစ်ခွဲအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မှာဖြစ်ပါတယ်။