ဆိုးလ်မြို့ရှိ ဂျပန်သံရုံးရှေ့တွင် တောင်ကိုရီးယားလွှတ်တော်အမတ်များ ဆန္ဒပြ

တောင်ကိုရီးယား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဟာ နျူးကလီးယား ရောနှောညစ်ညမ်းနေတဲ့ ရေဆိုးတွေ ပင်လယ်ထဲကိုစွန့်ပစ်မယ့် ဂျပန်ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးရှေ့မှာ ဧပြီ ၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယား အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DPK) က ပါလီမန်အမတ်တွေဟာ ဂျပန်သံရုံးမှ ဒိုင်ဆုကဲ နာမီအိုကာနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ဒေါသနဲ့ ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရှိ ပြည်သူတွေရဲ့ ဘေးကင်းရေးနဲ့ စပ်လျဉ်းပြီးတော့ ၂၀၁၁ ခုနှစ် ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေတွေကို ဂျပန်နိုင်ငံကစွန့်ပစ်မယ့် အစီအစဉ်ကို ရုပ်သိမ်းသင့်ကြောင်း ပြောပါတယ်။
၂ နိုင်ငံ ငါးဖမ်းထွက်ကုန်များ တင်ပို့ခြင်းဆိုင်ရာ ဆွေးနွေးမှုတွေကို ဘေးကင်းရှင်းကြောင်း အတည်ပြုပြီးချိန်အထိ ခေတ္တရပ်ထားသင့်ပြီး ရေဒီယိုသတ္တိကြွရေဆိုးတွေ စွန့်ပစ်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကြီးကြပ်ရေးအတွက်ကူညီပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အမျိုးသားလွှတ်တော်အမတ်တွေဟာ ကြာသပတေးနေ့ကစပြီး ဖူကူရှီးမားစီရင်စုကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံကမ်းလွန်မှာ အင်အားကြီးငလျင် လှုပ်ခတ်ပြီးနောက် ၁၅ မီတာ မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးက ကမ်းစပ်ကို ထိခိုက်ပြီးနောက်မှာ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓာတ်အားပေးစက်ရုံက ဓာတ်ပေါင်းဖို ၃ ခု အရည်ပျော်ကျခဲ့တာပါ။
စက်ရုံရှိ လှောင်ကန်တွေမှာ သိုလှောင်ထားတဲ့ ညစ်ညမ်းရေတွေဟာ မကြာခင် ပြည့်တော့မယ်လို့ မျှော်လင့်ထားပြီး ရေဒီယိုသတ္တိကြွရေတွေကို သမုဒ္ဒရာထဲစွန့်ပစ်ဖို့ ရှည်လျားတဲ့လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်ချီ ကြာမြင့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဂျပန်ဟာ နျူးကလီးယားစွန့်ပစ်ရေ တန်ချိန် ၁ ဒသမ ၂၅ သန်းလောက်ကို ၂၀၂၃ ခုနှစ်ကစပြီး သမုဒ္ဒရာထဲကို စတင်စွန့်ပစ်သွားဖို့နဲ့ နှစ်ပေါင်း ၃၀ လောက် စွန့်ပစ်သွားမယ်လို့ ၂၀၂၁ ခုနှစ် ဧပြီလက ဆုံးဖြတ်ခဲ့ပါတယ်။