ဘာလီကမ်းခြေတွင် ဝေလငါးကြီး ၁ ကောင် သောင်တင်သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ကမ်းခြေတခုမှာ ၁၈ မီတာ (၅၉ ပေ) ရှိတဲ့ ဝေလငါးကြီးတကောင် သေဆုံးသွားတဲ့အတွက် ဧပြီ ၆ ရက်မှာ ခွဲစိတ်မှုပြုလုပ်ဖို့ အင်ဒိုနီးရှား တိရစ္ဆာန်ကျွမ်းကျင်သူတွေက ပြင်ဆင်နေတယ်လို့ ထိန်းသိမ်းရေးအရာရှိတွေက ပြောပါတယ်။
အလေးချိန် တန်ချိန်ပေါင်းများစွာရှိမယ်လို့ ယူဆရတဲ့ စပန်းဝေလငါးအမျိုးအစား ငါးကြီးဟာ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေ ပင်လယ်ထဲပြန်မချခင် ဧပြီ ၅ ရက်က ဟောလီးဒေးကျွန်းအရှေ့ဘက်မှာ သောင်တင်နေတာဖြစ်ပါတယ်။
နာရီအနည်းငယ်အကြာမှာ မမြင်နိုင်တဲ့ ဒဏ်ရာတွေနဲ့ တခြားကမ်းခြေတခုမှာ သောင်တင်လာခဲ့တာဖြစ်ပြီး သေဆုံးသွားခဲ့တာလို့ ဒေသတွင်း ရေကြောင်းနဲ့ ငါးလုပ်ငန်းအရာရှိ ပါမာနာယူဒီအာဆိုက AFP ကို ပြောပါတယ်။
“သေဆုံးရတဲ့ အကြောင်းအရင်းကို ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ညစ်ညမ်းမှု ဒါမှမဟုတ် ပလတ်စတစ်ကြောင့်လားဆိုတာ သိပ္ပံနည်းကျတဲ့ ဖြေရှင်းချက်တခု ရချင်ပါတယ်။”
ကမ္ဘာ့အကြီးဆုံးသားကောင်ဖြစ်တဲ့ စပန်းဝေလငါးတွေကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂက မျိုးသုဉ်းဖို့ အန္တရာယ်ကျရောက်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။
ဝေလငါးသေဆုံးတဲ့ အကြောင်းအရာကို စုံစမ်းစစ်ဆေးဖို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေဟာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ဝေလငါး အသေကောင်ကိုတော့ လာမယ့်ရက်မှာ မြှုပ်နှံမှာဖြစ်ပါတယ်။
ဝေလငါးရဲ့ အသား ဒါမှမဟုတ် အစိတ်အပိုင်းတွေကို ခိုးယူတာကို ကာကွယ်ဖို့ ဘာလီကမ်းခြေမှာ ရဲတွေက ပိတ်ဆို့ထားပါတယ်။
၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားမှာ စပန်းဝေလငါးတကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပလတ်စတစ်ခွက် ၁၀၀ ကျော်၊ ပလတ်စတစ်အိတ် ၂၅ လုံးနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့အတွက် အရှေ့တောင်အာရှကျွန်းစုမှာ ကြီးမားတဲ့ ပင်လယ်အမှိုက်ပြဿနာအတွက် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။