ချဲလ်ဆီးအသင်းဆီ ပြန်လာရန် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ဟု နည်းပြလမ်းပတ် ပြော

ချဲလ်ဆီးအသင်းဆီ ပြန်လာဖို့က လွယ်ကူတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ကြောင်း ယာယီနည်းပြသစ်အဖြစ် ခန့်အပ်ခံရတဲ့ ဖရန့်လမ်းပတ်က ပြောပါတယ်။
လမ်းပတ်ဟာ ၂၀၂၁ ခုနှစ်က ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး အဲဗာတန်အသင်းကို တာဝန်ယူခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အဲဗာတန်အသင်းရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ချဲလ်ဆီး ယာယီနည်းပြတာဝန်ကို လက်ခံခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ သူ့ရဲ့အသင်းဖြစ်တာကြောင့် အသင်းဆီပြန်လာဖို့ လွယ်ကူစွာ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ အသင်းဘက်က လိုအပ်လာချိန်မှာ အသင်းကို ကူညီနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် ပြန်လာခဲ့တာဖြစ်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
သူ့ရဲ့ အဓိကရည်မှန်းချက်က နိုင်ပွဲရနိုင်သမျှ ယူသွားဖို့ဖြစ်ပြီး အသင်းလူစာရင်းမှာ ထူးချွန်တဲ့ ကစားသမားတွေလည်း ရှိတာကြောင့် အတူတကွကြိုးပမ်းပြီး အကူအညီ ပေးသွားချင်တယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။
ရာသီအကုန်မှာ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့ရှိပေမဲ့ နည်းပြလမ်းပတ်ကတော့ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ဖို့သာ အာရုံစိုက်ထားပြီး အဲဒီနောက်မှ ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။