နည်းပြမော်ရင်ညိုကို အမြင့်မားဆုံးလုပ်ခလစာဖြင့် ဆော်ဒီလက်ရွေးစင်အသင်း ကမ်းလှမ်း

ဆော်ဒီအာရေဗျလက်ရွေးစင်အသင်းဟာ နည်းပြ မော်ရင်ညိုကို ခေါ်ယူခန့်အပ်ဖို့အတွက် အမြင့်မားဆုံး လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ အီတလီစီးရီးအေကလပ် ရိုးမားအသင်းကို တာဝန်ယူနေတဲ့ မော်ရင်ညိုကို ဆော်ဒီအသင်းက တနှစ်လုပ်ခ ပေါင် ၅၂ သန်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း အီတလီသတင်းစာ ကော်ရီယာဒယ်လိုစပေါ့က ဖော်ပြခဲ့ပါတယ်။
ပေါင်သန်း ၁၀၀ ကျော်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မော်ရင်ညိုဘက်က လက်ခံမယ်ဆိုရင် ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ ဖြစ်လာမှာပါ။
မော်ရင်ညို လက်ရှိကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ သူလိုချင်တဲ့ ကစားသမား အရေအတွက်ရဖို့ အဆင်မပြေဖြစ်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း မရေမရာ ဖြစ်နေတာပါ။
မော်ရင်ညိုဟာ ရိုးမားနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး ဆော်ဒီရဲ့ မက်မောဖွယ်ရာ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားဖို့ ရှိနေပါတယ်။