ရွှေ့ပြောင်းအခြေချသူ ၅၀၀ ကို နေရာချပေးရန် ယူကေအစိုးရက သင်္ဘောကြီး ၁ စင်း ငှားရမ်း

ဗြိတိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတနေရာမှာ ရွှေ့ပြောင်းအခြေချသူ အယောက် ၅၀၀ ကို နေရာချပေးဖို့အတွက် ဝမ်းပြားသင်္ဘောကြီးတစင်းကို ငှားရမ်းခဲ့တယ်လို့ ဧပြီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ယူကေအစိုးရက ပြောပါတယ်။
ဒါဟာ ခိုလှုံခွင့်တောင်းခံမှုတွေအပေါ် စိစစ်နေစဉ်မှာ ယာယီနေထိုင်နိုင်ဖို့အတွက် ကုန်ကျစရိတ်များပြားတဲ့ ဟိုတယ်တွေအပေါ် အသုံးပြုမှုလျှော့ချရေး ကြိုးပမ်းချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဘစ်ဘီ စတော့ခ်ဟုမ်း အမည်ရ သင်္ဘောကြီးဟာ ဒေါဆတ်ကောင်တီမှာရှိတဲ့ ပေါ့တ်လန်းဆိပ်ကမ်းမှာ ဆိုက်ကပ်မှာဖြစ်ပြီး အရွယ်ရောက်ပြီးသား လူလွတ် အမျိုးသား အယောက် ၅၀၀ ကို အဲ့ဒီမှာ နေရာချထားမှာဖြစ်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ဒီရေယာဉ်ကြီးပေါ်မှာ အခြေခံကျပြီး လက်တွေ့ဆန်တဲ့ နေရာထိုင်ခင်းအပြင် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပါ ထောက်ပံ့ပေးမှာဖြစ်သလို လုံခြုံရေးတွေလည်း ပါဝင်မှာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။
ဒီသင်္ဘောပိုင်ရှင်ကုမ္ပဏီရဲ့ အဆိုအရ ဘား၊ စားသောက်ဆိုင်နဲ့ ဂိမ်းတွေ ဆော့ကစားနိုင်မယ့် အခန်း အပါအဝင် အိပ်ခန်းပေါင်း ၂၂၂ ခန်း ပါဝင်တယ်လို့ သိရပါတယ်။
လာမယ့်လအတွင်း ရွှေ့ပြောင်းအခြေချသူတွေကို ဒီသင်္ဘောကြီးပေါ်မှာ ပြောင်းရွှေ့ထားမှာ ဖြစ်သလို အနည်းဆုံး ၁၈ လကြာ လည်ပတ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
တခြားဆိပ်ကမ်းတွေမှာလည်း နောက်ထပ် သင်္ဘောကြီးတွေကို ဒီလို အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးနေတယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ကတော့ လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ ထိပ်တန်းဦးစားပေး ကိစ္စရပ်တွေထဲက တခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုအပေါ် နှိမ်နင်းဖို့ လုပ်ဆောင်ခဲ့သလို အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့အတူ ဖြတ်ကျော်ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ဝင်ရောက်လာမှုအပေါ်မှာလည်း ဟန့်တားနိုင်ရေး အစီအစဉ်တွေကိုပါ ချမှတ်ခဲ့ပါတယ်။