ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနားအသင်း နံပါတ် ၁ နေရာရောက်

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ၆ နှစ်အကြာ ဧပြီ ၆ ရက်မှာ ဘရာဇီးလ်အသင်းဆီကနေ လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။
မနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အာဂျင်တီးနားအသင်းက အနိုင်ယူခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ကမ္ဘာ့ဖလား အောင်မြင်မှု ရရှိခဲ့ပါတယ်။
နည်းပြ လီယွန်နယ်စကယ်လိုနီရဲ့ အာဂျင်တီးနားအသင်းဟာ နောက်ဆုံးခြေစမ်းပွဲစဉ်တွေမှာလည်း ပနားမားအသင်းကို ၂ ဂိုး ဂိုးမရှိ၊ ကူရာဆောင်အသင်းကို ၇ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းအနေနဲ့လည်း ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအဖြစ် နယ်သာလန်အသင်းကို ၄ ဂိုး ဂိုးမရှိ အပြင် အိုင်ယာလန်အသင်းကိုပါ ၁ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းကတော့ မော်ရိုကိုအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာ တတိယနေရာကို ကျဆင်းသွားပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတွင်း ဘယ်လ်ဂျီယံအသင်းက အဆင့် ၄ နေရာမှာ အရင်အတိုင်း ဆက်ရှိနေပြီး အင်္ဂလန်အသင်းက အဆင့် ၅၊ နယ်သာလန်အသင်းက အဆင့် ၆၊ ခရိုအေးရှားအသင်းက အဆင့် ၇၊ အီတလီအသင်းက အဆင့် ၈၊ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့က အဆင့် ၉ နဲ့ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။
ဗဟိုအာဖရိကသမ္မတနိုင်ငံကတော့ နောက်ဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတွင်း အကြီးမားဆုံး တိုးတက်မှုရှိခဲ့ပြီး ၁၀ နေရာအထိ ကျော်လွှားကာ ကမ္ဘာ့အဆင့် ၁၂၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။