ရုရှားအတိုက်အခံ နိုင်ငံရေးသမား ကာရာမာဇာကို ထောင် ၂၅ နှစ်ချရန်တောင်းဆို

ရုရှားနိုင်ငံမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ရုံးတင်စစ်ဆေးခံနေရတဲ့ အတိုက်အခံနိုင်ငံရေးသမား ဗလာဒီမာ ကာရာမာဇာကို ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ဖို့ အစိုးရရှေ့နေတွေက ဧပြီ ၆ ရက်မှာ တောင်းဆိုခဲ့တယ်လို့ တရားခံရှေ့နေဖြစ်သူ မာရီယာ အီးစ်မွန့်က ပြောပါတယ်။
ဒီတရားရေးလုပ်ငန်းစဉ်ဟာ မမျှော်လင့်ဘဲ မြန်ဆန်နေသလို နောက်ထပ်ကြားနာမှုကိုလည်း ဧပြီ ၇ ရက်နေ့မှာ ပြုလုပ်မယ်လို့ ရှေ့နေဖြစ်သူက ဖြည့်စွက်ပြောပါတယ်။
မလိုလားအပ်တဲ့ အဖွဲ့အစည်းတခုအတွက် တာဝန်ယူမှု အပါအဝင် ရုရုားစစ်တပ်အကြောင်း သတင်းမှားဖြန့်ဝေတယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ ကာရာမာဇာဟာ လာမယ့်သြဂုတ် ၂၇ ရက်အထိ အချုပ်ထဲမှာ ရှိနေဦးမှာပါ။
ကာရာမာဇာအပေါ် ဖမ်းဆီးမှုနဲ့ တရားစွဲဆိုရာမှာ ပါဝင်ခဲ့တဲ့ ရုရှားနိုင်ငံသား ၆ ဦးကို အမေရိကန်နိုင်ငံဘက်ကတော့ အရေးယူပိတ်ဆို့မှုတွေကို မတ်လ ၃ ရက်မှာ ချမှတ်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက ကျူးကျော်မှုကို အထူးစစ်ဆင်ရေးလို့ သုံးနှုန်းတဲ့ မော်စကိုအပေါ် ဆန်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ကာရာမာဇာဟာ ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က “အမေရိကန်နိုင်ငံအနေနဲ့ ကာရာ မာဇာကို ချွင်းချက်မရှိ၊ ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုလိုက်ပြီး ဗလာဒီမာပူတင်ရဲ့ ဝေဖန်သူတွေအပေါ် နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုဟာလည်း အောင်မြင်မှာမဟုတ်ကြောင်း အသေအချာ ကတိပြုတယ်” လို့ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
ကာရာမာဇာဟာ ၂၀၁၅ ခုနှစ်က မော်စကိုမြို့လယ်ခေါင်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင် ဘောရစ် ညမ့်ဆော့ဗ်နဲ့ နီးကပ်မှုရှိတဲ့ လက်ထောက်တဦးဖြစ်သလို ၂၀၁၈ ခုနှစ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဈာပနမှာလည်း ခေါင်းတလားထမ်းပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဗြိတိန်အပါအဝင် ရုရှားနိုင်ငံသားအဖြစ်ပါ ခံယူထားသူပါ။
၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း ရုရှားလုံခြုံရေးအဖွဲ့ရဲ့ အဆိပ်ခတ်မှုကြောင့် ကာရာ မာဇာ အနေနဲ့ ရုတ်တရက် နာမကျန်းဖြစ်ခဲ့ပြီး အဲ့ဒီနှစ်ကြိမ်စလုံးမှာ သတိလစ် မေ့မြောခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ရုရှားဘက်ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ရုရှားနိုင်ငံက လူ့အခွင့်အရေးအပေါ် ဖိနှိပ်သူတွေနဲ့ အကျင့်ပျက်ခြစားသူတွေကို မက်နစ်စကီ ပုံစံ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ကို ကာရာ မာဇာ အနေနဲ့ တွန်းအားပေးခဲ့ဖူးကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။