ယူကရိန်းဆန်တင်သွင်းမှုအပေါ် ရိုမေးနီးယားလယ်သမားများ ဆန္ဒပြ

ရိုမေးနီးယားနိုင်ငံတဝန်းရှိ ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ ယူကရိန်း ဆန်တင်သွင်းမှုကြောင့် ဈေးနှုန်း သက်ရောက်မှုအပေါ် ဧပြီ ၇ ရက်က ဆန္ဒပြခဲ့ကြပြီး ဥရောပကော်မရှင်ကို ဝင်စွက်ဖက်ပေးဖို့ တိုက်တွန်းထားပါတယ်။
မြို့တော်ဘူခါရက်စ်မှာ လယ်သမား ၂၀၀ လောက်ဟာ ဥရောပကော်မရှင်ရဲ့ ဒေသဆိုင်ရာ ရုံးချုပ် အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာပါ။
စဉ်အလာ ဆန္ဒပြပွဲတွေနဲ့အတူ လယ်သမားတွေဟာ နိုင်ငံတဝန်းမှာ ယာဉ်လမ်းဆုံတွေနဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေကို လယ်ထွန်စက်တွေ၊ ကုန်တင်ထရပ်ကားတွေနဲ့ ပိတ်ဆို့ပြီးတော့ သူတို့ရဲ့ မကျေနပ်မှုတွေကို ပြသခဲ့ကြပါတယ်။
"ပိုလန်၊ ဟန်ဂေရီ၊ ဘူဂေးရီးယား လုပ်ဖော်ကိုင်ဖက်တွေက သဘောတူထားတဲ့ ဥရောပအသိုက်အဝန်းမှာ မမျှတတဲ့ ပြိုင်ဆိုင်မှုတွေ အကြောင်းကို ပြောနေတာပါ" လို့ ဆန္ဒပြမှုကို ကူညီပေးခဲ့တဲ့ ရိုမေးနီးယား လယ်ယာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (LAPAR) ရဲ့ အဖွဲ့ချုပ် အကြီးအကဲ နီကူ ဗာစီလီ က ပြောပါတယ်။
ယူကရိန်း လုပ်ဖော်ကိုင်ဖက်တွေကလည်း ရောင်းချဖို့ လိုအပ်နေတာကို သိကြပေမယ့်လည်း ဒါဟာ တရားမျှတမှု မရှိတဲ့ ပြိုင်ဆိုင်မှုဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လအထိ အကောက်ခွန် ကင်းလွတ်ခွင့်ရထားပြီး စျေးသက်သာတဲ့ ယူကရိန်း စပါးတင်သွင်းမှုတွေ ဈေးကွက်မှာလွှမ်းမိုးနေမှုအပေါ် ပြည်တွင်း ထုတ်လုပ်သူတွေရဲ့ ရောင်းအားနဲ့ ဈေးနှုန်းတွေကို ထိခိုက်နစ်နာစေတာကြောင့် ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပရှိ လယ်သမားတွေ ကြားမှာ ဒေါသတွေ မြင့်တက်လာနေတာပါ။
ကမ္ဘာ့အကြီးဆုံး စပါးတင်ပို့တဲ့ ယူကရိန်းနိုင်ငံဟာ ရုရှား လာကျူးကျော်ပြီးနောက်မှာ သူ့ရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး EU မှ ပံ့ပိုးပေးထားတဲ့ ညီညွတ်ရေး လမ်းတွေ အဖြစ် ဥရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နဲ့ ရိုမေးနီးယား တို့ကတဆင့် အစားထိုး သင်္ဘော လမ်းကြောင်းတွေကို တွေ့ရှိထားပါတယ်။
ဒါပေမယ့်လည်း EU မှာ ထုတ်လုပ်တာထက် ဈေးသက်သာတဲ့ စပါးတန်ချိန် သန်းပေါင်း များစွာဟာ ထောက်ပံ့ရေး ပိတ်ဆို့မှုတွေနဲ့ လမ်းခရီး အကွာအဝေး နည်းပါးမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာပဲ အဆုံးသတ်သွားပါတယ်။