တရုတ်ကို အရပ်ဘက်လေယာဉ် ၁၆၀ စီးရောင်းချရန် အဲဘတ်စ်ကုမ္ပဏီ စာချုပ်ချုပ်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဥရောပလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ အဲဘတ်စ်နဲ့ တရုတ်လေကြောင်းထောက်ပံ့ရေး ဦးပိုင်ကုမ္ပဏီ (CASC) တို့ အကြား တရုတ်နိုင်ငံအတွက် အရပ်ဘက်လေယာဉ်အစင်းရေ ၁၆၀ ရောင်းချမယ့် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါဟာ တရုတ်နိုင်ငံမှာ လေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက် မြင့်မားလာတာ ကြောင့် ဖြစ်ပါတယ်။
အဲဘတ်စ် ကုမ္ပဏီက ရောင်းချမယ့် လေယာဉ်အစင်းရေ ၁၆၀ ထဲမှာ A320 အုပ်စုဝင် ကိုယ်ထည်ကျဉ်းမြောင်းတဲ့ လေယာဉ်အစီးရေ ၁၅၀နဲ့အတူ ကိုယ်ထည်ကျယ်ဝန်းတဲ့ အင်ဂျင် နှစ်လုံးတပ် A350- 900 ခရီးသည်တင် ဂျက်လေယာဉ် ၁၀ စီးလည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံရဲ့ လေကြောင်းပို့ဆောင်ရေး ပမာဏဟာ လာမယ့်နှစ်ပေါင်း ၂၀ အတွင်း တနှစ်ကို ပျမ်းမျှ ၅.၃ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ အဲဘတ်စ်ကုမ္ပဏီ ကခန့်မှန်းထားပြီး ဒီပမာဏဟာ ကမ္ဘာ့ပျမ်းမျှ ၃.၆ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်မား နေတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်ကစလို့ ၂၀၄၁ ခုနှစ်အထိ တရုတ်နိုင်ငံရဲ့ ခရီးသည်တင် အပါအဝင် ကုန်တင်လေယာဉ် လိုအပ်ချက်ဟာ အစီးရေ ၈,၄၂၀ အထိ ရောက်နိုင်တယ်လို့ မျှော်မှန်းထားပြီး ဒါဟာ တကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းအစင်းရေဖြစ်တဲ့ ၃၉,၅၀၀ ရဲ့ ၂၀ ရာခိုင်နှုန်းကျော်လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အဲဘတ်စ်ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံမြောက်ပိုင်းက တီယန်ကျင်း ဆိပ်ကမ်း မြို့မှာ A320 လေယာဉ်တပ်ဆင်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် နောက်ထပ်ထုပ်လုပ်ရေး လုပ်ငန်းတခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။
မက်ခွန်း ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ဟာ သောကြာနေ့က အဆုံးသတ်ခဲ့ပြီး ဒီခရီးစဉ်အတွင်း အဲဘတ်စ်ကုမ္ပဏီအပါအဝင် အင်အား ၅၀ ပါ စီးပွားရေးခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပြင်သစ်သမ္မတက ဦးဆောင်ခဲ့ပါတယ်။