ရက်ရှ်ဖို့ဒ်ဒဏ်ရာရသွားသည့်အပေါ် ပွဲကစားချိန်စီစဉ်သူတွေကို နည်းပြတန်ဟတ်ဂ်အပြစ်တင်

အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိသွားတဲ့အပေါ် မန်ယူနိုက်တက် နည်းပြတန်ဟတ်ဂ်က ပွဲကစားချိန်စီစဉ်သူတွေကို အပြစ်တင်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာကြားရက်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားခဲ့ရပေမဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်ကို စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် ဗြိတိန်စံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ မန်ယူအသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ ခြေစွမ်းပြနေတဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။
“တချို့အရာတွေက ရှောင်လွဲလို့မရနိုင်ပေမဲ့ ဒီလိုပွဲချိန်ဇယားဆိုတာမျိုးကတော့ ရှောင်လွဲလို့ရပါတယ်။ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ ကျနော်တို့ပွဲစဉ်တွေကို တနင်္ဂနွေည နောက်အကျဆုံးပွဲစဉ်နဲ့ စနေနေ့ အစောဆုံးပွဲစဉ်တွေကိုပဲ ပေးနေရတာလဲ။ ဒါဟာ မှန်ကန်မှုမရှိပါဘူး။ ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ အချိန်လိုအပ်ပါတယ်။ ခုတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ နောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့ ဆုတောင်းပေးရုံပဲရှိပါတော့တယ်” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်နဲ့ ကြားရက်ပွဲစဉ်မတိုင်ခင်ကကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲကိုလည်း တနင်္ဂနွေညနောက် အကျဆုံးပွဲစဉ်အဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။