close

ရန်ကုန်-မော်လမြိုင် အမြန်ရထား အရှိန်လွန်ပြီး ဘီးချော်

ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ထွက်ခွာလာတဲ့ အမြန်ရထားဟာ ဧပြီ ၈ ရက် မနေ့ မွန်းလွဲ ၂ နာရီခွဲက ရထားဘီးချော်မှုဖြစ်ပွားခဲ့တယ်လို့  မြန်မာ့မီးရထားဌာနနဲ့  ခရီးသည်တွေထံက သိရပါတယ်။ 

ရန်ကုန်ကနေ ထွက်ခွာလာတဲ့ ရထားဟာ ကျိုက်ကသာဘူတာအကျော် မလော့ချောင်စေတီ၊ တထောင်ကုန်းဘေးတောင်ကုန်းကြားမှာ အရှိန်လွန်ပြီးဘီးချော်ထွက်သွားလို့ ရထားနောက်တွဲ ၃ တွဲ ပျက်ကျန်ပြီး  လူစီးတွဲခြောက်တွဲမှာလိုက်ပါလာတဲ့ ခရီးသည်တွေကတော့ ထိခိုက်မှု မရှိဘူးလို့  ရထားစီးခရီးသည်တဦးက  ပြောပါတယ်။ 

သင်္ကြန်ရက်နီးလာတာနဲ့အမျှ မြန်မာ့မီးရထားတွေကို အခုရက်ပိုင်းမှာ အရင်ကထက် ပိုမိုစီးနင်းသူများလာပြီး အခု မတော်တဆဖြစ်တဲ့ ရထားမှာလည်း ခရီးသည်တွေက ရာနဲ့ချီ လိုက်ပါစီးလာကြတယ်လို့ သိရပါတယ်။ 

ရန်ကုန် - မော်လမြိုင်အမှတ် ၈၉ အဆန် စာပို့ရထားစက်ခေါင်းနဲ့အတူ  တွဲဆိုင်း အထက်တန်း ၃ တွဲ ၊ ရိုးရိုးတန်း ၃ တွဲ တို့ဟာ ဧပြီ ၈ ရက်  ည ၇ နာရီ ၁၅ မိနစ် ဝန်းကျင်လောက်မှာ မော်လမြိုင် ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ခရီးသည်တွေ အဆင်မပြေဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ထားပါတယ်။

Up