အပစ်အခတ်ရပ်ရေး ဆွေးနွေးရန် အိုမန်ကိုယ်စားလှယ်များ ယီမင်နိုင်ငံရောက်ရှိ

ယီမင်နိုင်ငံအတွင်း လူထောင်သောင်းချီ သေဆုံးခဲ့ရပြီး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်ခဲ့ရတဲ့ ၈ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရေး နိုင်ငံတကာ အားထုတ်မှုတွေရဲ့ အစိတ်အပိုင်း အဖြစ် အိုမန်နိုင်ငံက ကိုယ်စားလှယ်တွေ ဧပြီ ၈ ရက်က ယီမင်မြို့တော် စာနာကို ရောက်လာပါတယ်။
ဟူသီ ညှိနှိုင်းရေးမှူး မူဟမ်မဒ် အဗ်ဒူလ် ဆလမ်နဲ့ တခြား မူစကတ် အခြေစိုက် ဟူသီ ကိုယ်စားလှယ်တွေခြံရံထားတဲ့ အိုမန်ကိုယ်စားလှယ်အဖွဲ့ကို အိုမန်လေယာဉ်က သယ်ဆောင်လာတာပါ။
ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေထားပြီး သက်တမ်းကုန်သွားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်နိုင်ဖို့ သူတို့ဟာ ဟူသီ အရာရှိတွေနဲ့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရဖို့ ညှိနှိုင်းနိုင်ရေး မျှော်လင့်ထားတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ကျနော်တို့ရဲ့ တောင်းဆိုချက်က ရန်လိုတာတွေ လုံးဝရပ်ဖို့၊ အတားအဆီးတွေကို လုံးဝဖယ်ရှားဖို့၊ ယီမယ်ဝန်ထမ်းအားလုံးအတွက် ရေနံနဲ့ ဓာတ်ငွေ့ကနေ ရတဲ့ ငွေတွေနဲ့ လစာပေးဖို့၊ ပြီးတော့ ယီမင်ကနေ နိုင်ငံခြား စစ်တပ်တွေ ထွက်သွားဖို့ လျော်ကြေးကိစ္စတွေနဲ့ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ဖို့ပါပဲ” လို့ အဗ်ဒူလ် ဆလမ်က ပြောခဲ့ပါတယ်။
ဟူသီတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ကို ၂၀၁၅ တည်းက တိုက်ခိုက်ခဲ့တာပါ။
အရင်လက ဆွစ်ဇာလန်နိုင်ငံက ဆွေးနွေးပွဲတွေကို နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂ တို့ တက်ရောက်ခဲ့ပြီး ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရနဲ့ ဟူသီတို့က ထိန်းသိမ်းခံ ၈၈၇ ယောက်ကို ပြန်လွှတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။
ဆော်ဒီနဲ့ အီရန်တို့က ဆက်ဆံရေး ပြန်စဖို့ သဘောတူအပြီး တင်းမာမှု လျှော့ချခဲ့သလို ကုလ ငြိမ်းချမ်းရေး အားထုတ်မှုတွေနဲ့အပြိုင် ဟူသီနဲ့ ဆော်ဒီတို့ကြား အိုမန်က ကြားဝင် ဖြန်ဖြေတဲ့ ဆွေးနွေးပွဲတွေ အခြေအနေ တိုးတက်လာခဲ့ပါတယ်။