“မကောင်းဆိုးဝါးဟာ သေချာပေါက် ကျရှုံးရမယ်” – ယူကရိန်းသမ္မတ

"မကောင်းဆိုးဝါးဟာ သေချာပေါက် ကျရှုံးရမယ်" လို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ခရစ်တော်ရှင်သန်ထမြောက်ရာ အီစတာနေ့ အထိမ်းအမှတ် ဧပြီ ၉ ရက် မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
“ခရစ်ယာန်အားလပ်ရက်က ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့ မသိနိုင်ပေမယ့် မကောင်းမှုကတော့ သေချာပေါက် ကျဆုံးရမှာပါ၊ မကောင်းဆိုးဝါးဟာ ရှုံးနိမ့်မှုနဲ့ ပိုမိုနီးကပ်လာပြီ ဖြစ်သလို ဒီလို နီးကပ်လာအောင်လည်း ကျနော်တို့ ကြိုးပမ်းနေပါတယ်။”
ဧပြီ ၉ ရက် အစောပိုင်းက ယူကရိန်းနိုင်ငံ ဇာပိုရီးရှားမြို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုတခုအတွင်း အသက် ၅၀ အရွယ် အမျိုးသားတဦးနဲ့ ၁၁ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့ရတဲ့ အပေါ်မှာလည်း ဇယ်လင်စကီးက မှတ်ချက်ပေးပြောဆိုပါတယ်။
“ဒါဟာ အီစတာပွဲတော် မတိုင်ခင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ Palm Sunday မှာတောင် အကြမ်းဖက်သမားတွေ ဘယ်လို ပြုမူနေတယ်ဆိုတာ ပြလိုက်တာပါပဲ။ ရုရှားဟာ ကမ္ဘာကြီးနဲ့ လူသားဆန်မှုတွေ ဆီကနေ ပိုမိုအထီးကျန်အောင် သူကိုယ်တိုင် လုပ်ဆောင်နေတယ်။”
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူ ၂ ဦးရဲ့ ဇနီးနဲ့ မိခင်ဖြစ်သူ အသက် ၄၆ နှစ်ရွယ် အမျိုးသမီးတဦးကိုတော့ အပျက်အစီးပုံအောက်ကနေ ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံရဲ့ အရေးပေါ်ဝန်ဆောင်မှုဌာနအရ သိရပါတယ်။
ရုရှားအစိုးရရဲ့ ယူကရိန်း အပေါ် အလုံးစုံကျူးကျော်မှု ဒုတိယမြောက်နှစ်ထဲ ရောက်လာတာနဲ့အမျှ မကြာသေးမီက အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေထဲမှာ ဒီဖြစ်ရပ်က နောက်ဆုံးဖြစ်ပါတယ်။