close

မြဝတီမြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြေနီကုန်းတံတားဦးဘက်ကကျေးရွာတွေကို  စစ်ကောင်စီတပ်က ဧပြီ ၁၁  ရက်မှာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်  ရွာသားတွေ  တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၈ နာရီလောက်ကစတင်ပြီး မြဝတီမြို့အနီးတဝိုက်ကက ကျေးရွာတွေနားမှာ စစ်ကောင်စီတပ်ဩဇာခံ BGF ပူးပေါင်းတပ်တွေနဲ့  KNLA၊ PDF  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။

မြဝတီမြို့ခံတဦးက "တိုက်ပွဲတွေဖြစ်နေတာက ၃ ရက် ၄ ရက်လောက်ကတည်းက ကြာပြီဗျ။ ဒီနေ့မနက်ကတော့ ၈ နာရီကျော်လောက် မြဝတီအကျော်လေး၊ မြေနီကုန်းတံတားဦးဘက်ကို လေယာဥ်တွေနဲ့ပစ်နေတာ၊ အဲ့နေရာမှာက ပြည်သူတွေကြိုးကြားကြိုးကြားနေပါတယ်။ အဓိက တောင်ယာလုပ်တဲ့သူတွေပေါ့။ အခုတော့​ပြေးပြီ စစ်ဘေးရှောင်စခန်းတွေကိုတော့မဟုတ်ဘူး။ နီးစပ်ရာဘေးလွတ်တဲ့ နေရာတွေကိုပေါ့ မြဝတီလမ်းမကြီးကနေ ဘယ်ဘက်ကိုချိုးပြီး ဝင်သွားရတဲ့နေရာပါ။ အခုထိပစ်နေတာအိမ်တွေပါတုန်တယ်။ မြို့ထဲမှာတော့ လက်ရှိ ငြိမ်နေသေးတယ်"လို့ ပြောပါတယ်။

မြဝတီမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စစ်ကောင်စီနဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်တွေနဲ့ KNU/KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၈ ဦးသေဆုံးပြီ ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဧပြီ ၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က  ၈ ဦး သေဆုံးပြီး BGF ၁ ဦးနဲ့ သတင်းပေး ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။

ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့  အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၇ ရက်မှာ စစ်ကောင်စီနဲ့ BGFပူးပေါင်းတပ်တွေက မြဝတီကုန်သွယ်ရေးဇုန်အနီး မဲကနယ်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ နေရာ(၃)နေရာကနေ  စစ်ကြောင်းထိုးဝင်လာခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီ ၈ ရက်က စစ်ကောင်စီတပ်တွေဘက်မှ  လက်နက်ကြီးနဲ့ အကြိမ်  ၁၀၀ အထက်ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ရွာကို ထပ်မံစစ်ကြောင်းထိုးခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်မှ ၁၁  ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့မှာလည်း စစ်တပ်က  လက်နက်ကြီးနဲ့  အကြိမ်ရေ ၈၀ လောက်   ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ကျော်စိုးစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ကော်ဘရာစစ်ကြောင်း၊ KNU/KNLA တပ်မဟာ(၆)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings တို့ကပူးပေါင်းပါဝင်ခဲ့ပါတယ်။

တိုက်ပွဲ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်ဖွဲ့ဝင်တွေဆီကနေ နင်းမိုင်း ၂ လုံး၊ ၆၀ မမ (၁) လုံး၊ ကပစ ကျည်တောင့် ၂၀၀ ၊ AK တလက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၄ လုံး၊ 40 mm (၂၀) လုံး ၊ 7.62 အတောင့် ၂၀၀ ၊ ကာဘိုင်ကျည် အတောင့်  ၂၄၀ ၊ ၅ ဒသမ ၅၆ MA ကျည် အတောင့် ၄၀၀ ၊ AK ကျည်ဆန် အတောင့် ၂၀၀ နဲ့ Huawei ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် ဧပြီ ၇ ရက်မှစပြီး ၂၁ ရက်အထိ မြဝတီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီး လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်းတွေက သတိပေးထားပါတယ်။

ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း

Up