ကန့်ဘလူ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဒီနေ့ ညနေ ၅ နာရီ ၃၅ မှ ၄၀ မိနစ်ထိ ၃ ကြိမ်ဝဲပြီး ဗုံး ၄ လုံးချကာ လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက " ဒီနေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ရွာကို ထပ်ပြီး လာပစ်နေတယ်ဗျ” လို့ပြောပါတယ်။
အခုတကြိမ် တိုက်ခိုက်မှုမှာ ရွာသားတွေ ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး?
ဒီနေ့ မနက်ကလည်း ပဇီကြီးရွာမှာကျင်းပတဲ့ ပလဖရုံးဖွင့်ပွဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အရပ်သားနဲ့ လက်နက်ကိုင် သတ်မှတ်ခွဲခြင်းမရှိဘဲ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေတာကို ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာက ထပ်မံသက်သေပြနေတာ ဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်း ဖြစ်တယ်လို့ NUG က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အသက်ဆုံးရှုံးသွားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးပင် ဝမ်းနည်းကြေကွဲရပြီး သက်ဆိုင်သူတွေရဲ့ မိသားစုတွေနဲ့ အတူတကွရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ထိခိုက်ဆုံးရှုံးရတဲ့ လူထုဘဝတွေအချည်းနှီးမဖြစ်စေဖို့နဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေဖို့ အစွမ်းကုန် အားထုတ်လုပ်ဆောင်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။