close

ဆိုမာလီယာတွင် လူပေါင်းသောင်းချီသေဆုံးခဲ့သည့် မိုးခေါင်မှုကြောင့် အငတ်ဘေး ကျရောက်နိုင်

ဆိုမာလီယာနိုင်ငံဟာ ရာသီဥတုပြဿနာရဲ့ ရိုက်ခတ်မှုကို ခံစားနေရပြီး ဘာမှလုပ်ကိုင်ဖန်တီးလို့ မရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယို ဂူတာရက်စ်က ဧပြီလ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

မနှစ်က လူပေါင်း ၄၃,၀၀၀ လောက် သေဆုံးခဲ့တဲ့ မိုးခေါင်မှုကြောင့် နိုင်ငံဟာ အငတ်ဘေး ကျရောက်စေဖို့ အန္တရာယ်ရှိနေကြောင်းလည်း ပြောပါတယ်။ 

ဂူတာရက်စ်ဟာ မိုးခေါင်ရေရှားမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အယ်လ်ကိုင်ဒါအဖွဲ့ အယ်လ်ရှာဘတ်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူတွေ အတွက် နေရာစီစဉ်ပေးထားတဲ့ ဆိုမာလီယာ အနောက်တောင်ပိုင်းက ဘိုင်ဒိုအာရှိစခန်းတစ်ခုကို သွားရောက်ပြီးနောက်မှာ  နိုင်ငံ့လူဦးရေ ထက်ဝက်နီးပါး ရှိတဲ့ ဆိုမာလီ ၈ ဒသမ ၃ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်း ပြောပါတယ်။ 

မိုးခေါင်ရေရှားမှုကြောင့် ဆိုမာလီလူမျိုး ၁ ဒသမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲ့ဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ၈၀ ရာခိုင်နှုန်း လောက် ရှိတယ်လို့ ဆိုပါတယ်။ 

၅ နှစ် ဆက်တိုက် မိုးမကောင်းခဲ့ပဲ အခုနှစ် နိုင်ငံအတွက် လိုအပ်တဲ့ အကူအညီ ၂ ဒသမ ၆ ဘီလီယံရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရရှိတယ် လို့လည်း သူက ဆိုပါတယ်။

စားနပ်ရိက္ခာအကျပ်အတည်းရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်ဖို့အတွက် ကမ္ဘာ့စံနှုန်းကို သတ်မှတ်ပေးတဲ့ (IPC) အဖွဲ့ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အငတ်ဘေးကို ယာယီ ရှောင်လွှဲနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပေမယ့် အခြေအနေက ပိုပြီးဆိုးရွားလာကြောင်း သတိပေးခဲ့ပါတယ်။

 

Up