လှိုင်သာယာ အောင်ဇေယျတံတားတွင် ဗုံးတွေ့၊ စစ်တပ်က ဖောက်ခွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ၃ ထိပ် အမှိုက်ကန်အနီး ဧပြီ ၁၅ ရက် သကြင်္န်အကြတ်နေ့မှာ အောင်ဇေယျတံတား ဗုံးတွေ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာကာ ဖောက်ခွဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၅ ရက် သကြင်္န်အကြတ်နေ့ ဒီကနေ့မှာ ရပ်ကွက်နေဒေသခံတွေက ဗုံးလို့ယူဆရတဲ့ အမှိုက်ထုပ်ကို တွေ့ရှိတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ရာ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဗုံးတလုံးရှာတွေ့ခဲ့ပြီး တံတားနှစ်ဖက်ကိုပိတ်ကာ ဖောက်ခွဲခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတဦးက DVB ကို ပြောပါတယ်။
“ပေါက်ကွဲသံတော့ ကြားတယ် ဘာဖြစ်မှန်းမသိဘူး။ ပတ်ဝန်းကျင်ကပြောမှ တံတား ဗုံးထောင်ခံရတာလို့ ကြားတာ၊ ၃ ထိပ်နားက အောင်ဇေယျတံတားပါ တံတားပိတ်ထားတယ်လို့ ပြောတယ်၊ အခုတော့ဖွင့်ပြီလား မသိရသေးဘူး။"
အဆိုပါ ဗုံးထောင်ခဲ့တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိတဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အခုတကြိမ်ပေါက်ကွဲတာက လှိုင်သာယာမြို့နယ်မှာ သကြင်္န်တွင်း ဒုတိယအကြိမ် ပေါက်ကွဲခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ ည ၈ နာရီလောက်မှာ လှိုင်သာမြို့နယ် အနောက်ပိုင်း အမှတ် ၁၂ ရပ်ကွက်ရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးရာမှာ ထပ်မံဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင့် စစ်ကောင်စီအရာရှိတယောက် သေဆုံးခဲ့ပါတယ်။