ပိုကောင်းသည့်ခြေစွမ်းဖြင့်ပြန်လာမည်ဟု ဒဏ်ရာရ မန်ယူနောက်ခံလူ မာတီနက်ဇ်ပြော

လာမယ့်ရာသီမှာ ပိုကောင်းတဲ့ခြေစွမ်းနဲ့ ပြန်လာမယ်လို့ ဒဏ်ရာရသွားတဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်က ပြောသွားပါတယ်။
မာတီနက်ဇ်ဟာ ခြေဖမိုးရိုးကျိုးတဲ့ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပြီး အဲဒီအပေါ် အင်စတာဂရမ်ကနေ စာရေးသားထုတ်ပြန်ခဲ့တာပါ။
အလွန်ထူးခြားတဲ့ဘောလုံးရာသီတစ်ခုကို ဒီလိုပုံစံနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ မျှော်လင့်မထားပေမဲ့ တခါတလေမှာ ပိုကောင်းတာတွေဖြစ်ဖို့အတွက် အခက်အခဲအတားအဆီးတွေကြုံရလေ့ရှိပြီး အဲဒီကို သင်ခန်းစာယူဖို့လိုကြောင်း မာတီနက်ဇ်ကပြောပါတယ်။
လာမယ့်ရာသီရောက်မှပဲ ခုထက်ပိုကောင်းတဲ့ခြေစွမ်းနဲ့ ပြန်လာမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ရည်မှန်းချက်တွေကို ဆက်ပြီးလုပ်ဆောင်ကြမယ့် အသင်းဖော်တွေကို ဆက်လက်အားပေးသွားမှာဖြစ်ကြောင်း မာတီနက်ဇ်က ပြောပါတယ်။
ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဆုတောင်းစကားတွေအများကြီးလက်ခံရရှိခဲ့ပြီး အားပေးမှုတွေ အတွက် နှလုံးသားထဲကနေ ကျေးဇူးတင်ရှိကြောင်းလည်း မာတီနက်ဇ်က အင်စတာဂရမ်ကနေ ရေးထားခဲ့ပါတယ်။