ဆူဒန်မြို့တော်၌ တိုက်ပွဲပြင်းထန် အရပ်သား ၅၆ ဦးသေဆုံး၊ သမ္မတအိမ်တော်နှင့် လေဆိပ်ကို သိမ်းပိုက်ဟု စင်ပြိုင်တပ်ဖွဲ့ကြေညာ

ဆူဒန်နိုင်ငံမှာ အာဏာလွန်ဆွဲပွဲအတွင်း ဆူဒန်အစိုးရစစ်တပ်နဲ့ စင်ပြိုင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး အရပ်သား ၅၆ ယောက်သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
တိုက်ပွဲမှာ ဆူဒန်ရဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ အမြန်ကူညီရေးတပ်ဖွဲ့ (RSF) ဟာ ဧပြီ ၁၅ ရက်မှာ ခါတွန်မြို့တော်ရှိ သမ္မတအိမ်တော်၊ စစ်ဦးစီးချုပ် နေအိမ်နဲ့ ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို သိမ်းပိုက်ခဲ့ကြောင်းကြေညာပါတယ်။
RSF က သူတို့ဟာ မြောက်ပိုင်းရှိ မဲရိုဝီ မြို့နဲ့ အနောက်ဘက်ရှိ အယ်လိုဘေ့ဒ်မြို့က လေဆိပ်တွေကို သိမ်းပိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရိုက်တာသတင်းထောက်တစ်ဦးက လမ်းတွေပေါ်မှာ အမြောက်တွေနဲ့ သံချပ်ကာယာဉ်တွေကို နေရာဖြန့်ချထားတာကို မြင်တွေ့ခဲ့ရပြီး စစ်တပ်နဲ့ RSF ဌာနချုပ်တွေ အနီးမှာလည်း လက်နက်ကြီး ပစ်ခတ်သံကို ကြားခဲ့ရကြောင်း သတင်းပေးပို့ထားပါတယ်။
စစ်တပ်က RSF ဟာ သူ့တပ်တွေကို နေရာအများအပြားမှာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအနှံ့ နေရာအတော်များများမှာ ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက သတင်းပေးပို့ခဲ့ပြီးနောက်မှာ တပြည်လုံးမှာ ပဋိပက္ခတွေ အပြည့်ဖြစ်မှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပါတယ်။ RSF ကလည်း သူ့တပ်တွေကို စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။