ထိုင်းသင်္ကြန်ကာလ ယာဉ်မတော်တဆထိခိုက်မှုကြောင့် လူ ၂၃၆ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ ၂၀၂၃ ဆုန်ကရန် သင်္ကြန်ရေသဘင်ပွဲတော်ကာလ ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ် သတိထားရမယ့်ကာလကို ဧပြီ ၁၁ မှ ၁၇ ရက်နေ့ထိ ၇ ရက်တာ သတ်မှတ်ထားရာမှာ ဧပြီ ၁၆ ရက် နေ့အထိ မတော်တဆထိခိုက်မှု အကြိမ်ပေါင်း ၂၀၀၀ ကျော်ဖြစ်ပွါးခဲ့ပြီး လူပေါင်း ၂၃၆ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဧပြီ ၁၆ ရက် တစ်ရက်တည်းမှာ မတော်တဆထိခိုက်မှု ၂၆၃ ကြိမ်ဖြစ်ပွါးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၈ ဦး၊ သေဆုံးသူ ၃၆ ဦးရှိတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ အများပြည်သူဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ နိုင်းချုတ်နရင်း ကစ်ဆုမ်က ဒီကနေ့မနက် အစည်းအဝေးမှာ ပြောပါတယ်။
မတော်တဆထိခိုက်ဒဏ်ရာရမှုဖြစ်ရတဲ့အကြောင်းမှာ အများဆုံးက သတ်မှတ်နှုန်းထက် ယာဉ်အမြန်မောင်းနှင်တာ၊ ဒုတိယမှာ အရက်မူးပြီးမောင်းနှင်တာကြောင့်ဖြစ်ပြီး မတော်တဆဖြစ်မှုအများဆုံးယာဉ်အမျိုးအစားမှာ မော်တော်ဆိုင်ကယ်လို့ ဆိုပါတယ်။
ဧပြီလ ၁၁ ရက်မှ ၁၆ ရက်နေ့ထိ ၆ ရက်တာကာလအတွင်း တစ်နိုင်ငံလုံးမှာ မတော်တဆထိခိုက်မှုပေါင်း ၂၀၀၈ ကြိမ်ဖြစ်ပွါးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၂၀၀၅ ဦး၊ သေဆုံးသူပေါင်း ၂၃၆ ဦးရှိတယ်လို့ ဆိုပါတယ်။
မတော်တဆအများဆုံးဖြစ်ခဲ့တဲ့ ခရိုင်မှာ ထိုင်းမြောက်ပိုင်းနန့်ခရိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူအများဆုံးမှာလည်းနန့်ခရိုင်မှ ၆၃ ဦး ဖြစ်ကြောင်း၊ သေဆုံးသူအများဆုံးမှာ ဘန်ကောက်ကဖြစ်ပြီး အယောက် ၂၀ ဦးရှိလို့ ပြည်ထဲရေးအတွင်းဝန်က ပြောပါတယ်။
PHOTO-BANGKOK POST