အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရန် ဆူဒန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

ဆူဒန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဖြစ်သူ အာဒယ်လ်လာ ဟမ်းဒေါ့က နိုင်ငံရဲ့ စစ်တပ်နဲ့ စင်ပြိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အလျင်အမြန်ကူညီပေးရေးတပ်ဖွဲ့ (RSF)တို့ အကြား ချက်ချင်းအပစ်အခတ်ရပ်စဲကာ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။
ဒီစစ်ရေးပဋိပက္ခအတွင်း ကုလသမဂ္ဂဝန်ထမ်း ၃ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၉၇ ဦးအထိ သေဆုံးခဲ့ရပြီးပါပြီ။
ဟမ်းဒေါ့က “အနည်းဆုံး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ လိုအပ်သလို ဆေးဝါး၊ ကုသမှုနဲ့ အစားအသောက်တွေအပေါ် အရပ်သားပြည်သူတွေ လက်လှမ်းမီနိုင်ဖို့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု ထူထောင် ပေးရမယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဆူဒန်နိုင်ငံရဲ့ အသွင်းကူးပြောင်းဆိုင်ရာအာဏာပိုင်ကောင်စီအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အာဒယ်ဖတ်တာအယ်လ်ဘူရဟန်အပေါ် သစ္စာခံတဲ့စစ်တပ်နဲ့ ဟီမီဒီလို့ လူသိများတဲ့ ကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မိုဟာမတ်ဟမ်ဒန်ဒါဂါလို ဦးဆောင်ရာ အလျင်အမြန်ကူညီပေးရေး တပ်ဖွဲ့ (RSF)တို့အကြား ဧပြီလ၁၅ ရက်က စလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
၂၀၁၉ ခုနှစ်မှာ စစ်ပြန်တစ်ဦးဖြစ်တဲ့ အစ္စလာမ္မစ်အာဏာရှင် အိုမာဟက်ဆန်အယ်လ်ဘာရှီးကို ရာထူးကနေ ဖြုတ်ချနိုင်ရေးအတွက် နှစ်ဖက်တပ်တွေ ပူးပေါင်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ဒီလို စစ်ရေးပဋိပက္ခပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အရပ်သားအုပ်ချုပ်ရေးဆိုင်ရာ အသွင်ကူးပြောင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် (RSF) တပ်ဖွဲ့က စစ်တပ်ကို ပူးပေါင်းလာချိန်မှာတော့ သဘောထားကွဲလွဲမှုတွေ စတင်လာခဲ့ပါတယ်။
ဟမ်းဒေါ့ကတော့ ပြည်ပကြားဝင်စွက်ဖက်မှုကို ငြင်းဆန်ပြီး ဒီလို စစ်ဘက်ဆိုင်ရာ အုပ်စုကွဲမှု အတွင်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် အားပေးထောက်ခံကြဖို့ ၀န်ကြီးချုပ်ဟောင်းက တိုက်တွန်းလိုက်ပါတယ်။