close

ပြင်သစ်သမ္မတ မိန့်ခွန်းပြောချိန် ပါရီမြို့လယ်တွင် အိုးခွက်များ ထုရိုက်ဆန္ဒပြ

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဧပြီ ၁၇ ရက် ညနေပိုင်းက နိုင်ငံတော် ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောနေချိန်အတွင်း ဆန္ဒပြသူတွေဟာ ပါရီမြို့လယ်မှာ စုဝေးခဲ့ကြပြီး အမှတ် ၁၀ နယ်မြေ မြို့တော်ခန်းမ အပြင်ဘက်မှာ အိုးတွေခွက်တွေ ထုရိုက်ပြီး ဆူဆူညံညံ ဆန္ဒပြခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မက်ခရွန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြမှုက အချိန် ၁ နာရီတောင် မပြည့်ပါဘူး။ ဆန္ဒပြသူတချို့ဟာ အမှိုက်ပုံးတွေကို မီးရှို့ပြီး ထွက်ခွာသွားကြပါတယ်။

မက်ခရွန်ဟာ အငြိမ်းစားယူတဲ့အသက်ကို ၆၄ နှစ်အထိ ၂ နှစ်တိုးမြှင့်ဖို့ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီးနောက် ၂ ရက်အကြာမှာပဲ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။

မက်ခရွန်ဟာ သူ့ရဲ့ လူကြိုက်မများတဲ့ ပင်စင်စနစ်အပေါ် ဒေါသထွက်ကြပြီးတော့ ရက်သတ္တပတ်တွေချီ ဆန္ဒပြမှုတွေအပြီးမှာ နိုင်ငံကိုကုစားဖို့ ရက်ပေါင်း ၁၀၀ အချိန်ယူထားကြောင်း သမ္မတမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

သူ့အစိုးရအဖွဲ့ကိုလည်း ကျယ်ပြန့်တဲ့ကိစ္စရပ်တွေမှာ သမဂ္ဂတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုသွားပါတယ်။

Up