ထိုင်းတပ်မတော်တွင် စစ်မှုထမ်းလိုသူပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထား

ထိုင်းနိုင်ငံမှာ စစ်မှုထမ်းလျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ စတင်ခေါ်ယူခဲ့ရာမှာ ၁၁ ရက်အထိ ပါရဂူဘွဲ့ရ ပညာတတ်လူငယ်တွေအပါအဝင် အသက် ၂၉ နှစ်အောက် အမျိုးသားစုစုပေါင်း ၂ဝ,ဝဝဝ ကျော်အထိ စစ်မှုထမ်းဖို့ မိမိဆန္ဒအလျောက် လာရောက်လျှောက်ထားခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ဆာရိချန်ငါန်တောင်က ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
အခုခေါ်ယူခဲ့တဲ့ စစ်သည်တွေက ထိုင်းတော်ဝင်စစ်ဒေသ အမှတ် ၁၊ ၂ နဲ့ ၄ မှာ စေတနာ့ဝန်ထမ်း စစ်သည်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လက်ရှိအချိန်အထိ ဆန္ဒအလျောက် လာရောက်ထားသူတွေအထဲမှာ ပါရဂူဘွဲ့ရ လူငယ်တွေ၊ သာမန် ဘွဲ့ရပညာတတ်တွေအပြင် ဘုန်းကြီးတွေပါ လာရောက် လျှောက်ထားခဲ့ကြတာပါ။
ထိုင်းတော်ဝင်တပ်မတော်တွင်း အမှုထမ်းဆောင်ရာမှာ ပညာအရည်အချင်းအလိုက် လုပ်အားပေးနှစ်လျှော့ပေါ့ခွင့်ရှိပြီး အခုတခေါက်မှာတော့ ပါရဂူဘွဲ့ရတွေနဲ့အတူ ဘွဲ့ရသမားတွေကပါ ၂ နှစ်တာဝန်ထမ်းဆောင်ဖို့ကို စာရင်းသွင်းလျှောက်ထားခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းလည်း ဧပြီ ၁၆ ရက်မှာ ထိုင်းတော်ဝင်တပ်မတော် ဒုဗိုလ်ချုပ်ကြီးဆာရိချန်က ပြောကြားခဲ့ပါတယ်။
ထိုင်းတော်ဝင်တပ်မတော်ရဲ့ ညှာတာထောက်ထားမှုအရ တက္ကသိုလ်တခုခုမှ ဘွဲ့ရတဦးအနေနဲ့ ၂ နှစ် စစ်မှုထမ်းတာဝန်ကနေ ၆ လအထိသာ စစ်မှုထမ်းသက်လျှော့ပေါ့ခွင့် ပေးခဲ့ပေမဲ့ ပါဝင်လျှောက် ထားသူတွေထဲက ဘွဲ့ရရှိပြီးသူ ၂၂ ယောက်က ၂ နှစ်အထိ တာဝန်ထမ်းဆောင်လိုကြောင်း ဆန္ဒပြုထားပါတယ်။
တက္ကသိုလ်ဘွဲ့ရ ၁၉ ယောက်ကလည်း စစ်မှုထမ်း ၁ နှစ်အထိ လျော့ပေါ့ခွင့်ကို မရယူဘဲ ၂ နှစ်ပြည့်တဲ့အထိ စစ်မှုထမ်းလုပ်အားပေးမယ်လို့ ဖြည့်သွင်းထားပြီး သာသနာ့ဘောင်အတွင်းက ဘုန်းကြီး ၂၇ ပါးကလည်း ၂ နှစ်အပြည့် စစ်မှုထမ်း တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။