မက်ဆီကို ၂ နှစ်စာချုပ်နှင့် ပြန်လည်ခေါ်ယူနိုင်ရန် ဘာစီလိုနာအသင်း ကြိုးပမ်းမည်

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီကို ၂ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်ချက် ပြန်ချခဲ့ပြီးနောက် သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်ခဲ့တာပါ။
စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေ ရှိနေပေမဲ့ မက်ဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ်ဆိုရင် ဝင်ငွေ ၂၅ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နူန်းအထိ တိုးတက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။
မက်ဆီဘက်ကလည်း ပုံရိပ်အသုံးပြုခနဲ့ တခြားစပွန်ဆာ၊ ဆိုရှယ်မီဒီယာနဲ့ ကလပ်ခရီးစဉ်တွေ အပါအဝင် တနှစ်ကို ပေါင်သန်း ၂၅၀ ဝန်းကျင်လောက် တောင်းဆိုလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာအနေနဲ့ မက်ဆီကို ခေါ်ယူမယ်ဆိုရင် တခြားကစားသမားတွေကိုလည်း ရောင်းချပြီး ပေါင် ၁၇၈ သန်းလောက်အထိ ရှာဖွေနိုင်မှသာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ စပိန်သတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။