close

ဒိန်းမတ်တွင် အနှစ် ၁၀၀၀ သက်တမ်းရှိ ဒင်္ဂါးများ တူးဖော်ရရှိ

ဒိန်းမတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဗိုက်ကင်းခံတပ်တစ်ခုအနီးမှာ နှစ်ပေါင်း ၁၀၀၀ နီးပါး သက်တမ်းရှိပြီလို့ ယူဆရတဲ့ ငွေဒင်္ဂါးပြား ၃၀၀ နီးပါးကို  ပြီးခဲ့တဲ့ဆောင်းဦးရာသီက ပြောင်းဖူးခင်း တစ်ခုမှာ သတ္တုတူးဖော်နေတဲ့ မိန်းကလေးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလိုအစုလိုက်တွေ့ရတာ အလွန်ရှားပါတယ်လို့ ရှေးဟောင်းပစ္စည်းများခင်းကျင်းပြသတဲ့ နော့ဒ် ဂျွတ်လန်း ပြတိုက်ရဲ့ ဒါရိုက်တာ လာစ်ခရစ်စတင်းနောဘတ်စ်က ပြောပါတယ်။

ငွေဒင်္ဂါးတွေကို ဟိုဘရိုမြို့အနီးက ခံတပ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပါရှိတဲ့ ကမ္ပည်းစာအရ ၉၈၀ ခုနှစ်က ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

တူးဖော်ရရှိတဲ့ ဒင်္ဂါးတွေထဲမှာ ဒိန်းမတ်၊ အာရပ် နဲ့ ဂျာမန်ဒင်္ဂါးတွေအပြင် စကော့တလန် သို့မဟုတ် အိုင်ယာလန်က လက်ဝတ်ရတနာတွေပါဝင်ပြီး အခုတွေ့ရှိမှုဟာ ဘုရင် ဟာရတ်ဒ် ဘလူးတုခ်ျ က တည်ဆောက်ထားတဲ့ ခံတပ်နဲ့ တူညီတဲ့ကာလကဖြစ်ပြီး ဗိုက်ကင်းတွေရဲ့ သမိုင်းကြောင်းကို ပိုမို ထိုးထွင်းသိမြင်စေလိမ့်မယ်လို့ နော့ဘတ်စ် ကဆိုပါတယ်။

အဆိုပါရှေးဟောင်းပစ္စည်းတွေကို အယ်လ်ဘရော့ သမိုင်းပြတိုက်မှာ ဇူလိုင်လမှာ စတင်ပြသမှာဖြစ်ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ မိန်းကလေးကတော့ လူသိရှင်ကြားမထုတ်ပြန်ရသေးတဲ့ လျော်ကြေးငွေရရှိမှာဖြစ်ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်များကတော့ စပါးရိတ်သိမ်းပြီးကာလ နောက်နှစ်ဆောင်ဦးမှာ တူးဖော်မှုကို ဆက်လက်လုပ်ဆောင်ကြမှာဖြစ်ပြီး သင်္ချိုင်းနေရာတွေ၊ ရတနာသိုက်တွေနဲ့ အိမ်တွေကို ရှာဖွေတွေ့ရှိဖို့  မျှော်လင့်‌‌တယ်လို့သိရပါတယ်။

Source -The Guardian

Up