close

ဖားကန့် ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအပိုင် မှော်ပုံ ( မဒဲန်ယန်) ကျေးရွာသား ၂၁၂ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အစာမကျွေးဘဲ ထားခဲ့တယ်လို့ ဒေသခံရွာသားတချို့က ပြောပါတယ်။

ဧပြီ ၂၁ ရက်နေ့ မနက်က လုံးခင်းအုပ်စု မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ ရွာသူရွာသားတွေကို ဖမ်းဆီးခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

"ရွာထဲကိုမနက် ငါးနာရီလောက်ကြီးဝင်လာတယ်။ တွေ့တဲ့လူအကုန်ဖမ်းတယ်။ ကြိုးတုတ်တယ်။ နေအိမ်တွေဖျက်ဆီးတယ်။ တချို့အိမ်ကို မီးပါရှို့ပစ်တယ်" လို့ ရွာသားတဦးက ပြောပါတယ်။ 

ဧပြီ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှ ထမင်းထုတ် ၇၀ လာပို့ဖို့ ဖုန်းဆက်အကြောင်းကြားလာတာကြောင့် ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက သွားပို့ပေးခဲ့ရတယ်လို့ မှော်ပုံရွာသားတဦးက ပြောပါတယ်။ 

"မနေ့ကတည်းက ဖမ်းသွားတာ၊ ဒီမနက်မှထမင်းထုတ်ပို့ခိုင်းတယ်ဆိုတော့ မနေ့က တနေ့လုံး အစာမကျွေးဘဲ ကြိုးတုတ်ပြီး ဒီအတိုင်းထိုင်ခိုင်းတယ်လို့ပြောတယ်ဗျ။ ဖမ်းသွားတာက ၂၀၀  ကျော်တယ်။ ထမင်းထုတ်က အထုတ် ၇၀ ပဲ ပို့ခဲ့ရတယ်။"  

ဖမ်းထားတဲ့ရွာသားတချို့ကို စစ်ကောင်စီရဲ့ဗျူဟာထိုင်တဲ့ ကံဆီးကို ခေါ်သွားပြီး တချို့တဝက်ကိုတော့ မဇွပ်ယန်ထောင်အတွင်းမှာ ထိန်းသိမ်းထားတယ်လို့ ရွာသားတွေက ပြောပါတယ်။  

အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီ ၂၀ ရက်နေ့ကလည်း နန့်ယားကျေးရွာအနီးက ဆိုင်းဖရာကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဆိုင်းမရာကျေးရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ပြီး ရွာသား ၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Up