close

ဘဲလ်ဂိုရော့တ်မြို့တွင် ဖောက်ခွဲရေးပစ္စည်း တွေ့ရှိသဖြင့် လူ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့

ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရုရှားနိုင်ငံက ဘဲလ်ဂိုရော့တ်(Belgorod)မြို့မှာ ဖောက်ခွဲရေးပစ္စည်း တခုကို ရှာတွေ့ခဲ့တာကြောင့် လူဦးရေ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဧပြီ ၂၂ ရက်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူက အတည်ပြုပါတယ်။ 

ဒီမြို့မှာပဲ ရုရှားတိုက် လေယာဉ်တစင်းက မတော်တဆ ဗုံးကြဲမိပြီး ၂ ရက်အကြာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေး ကျွမ်းကျင်သူတွေအနေနဲ့လည်း  ဒီပစ္စည်းကို လေ့ကျင့်ရေးကွင်း တခုမှာ ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘဲလ်ဂိုရော့တ် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗီးချက်စ်လက်ဗ် ဂလတ်ကော့ဗ် (Vyacheslav Gladkov)က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။ 

“ဒီဖောက်ခွဲရေးပစ္စည်းနဲ့ အချင်းဝက်မီတာ ၂၀၀ အတွင်းရှိ လူနေတိုက်ခန်း ၁၇ ခုကို ရွှေ့ပြောင်း နေရာချပေးဖို့  စီမံခန့်ခွဲရေးဌာနချုပ်က ဆုံးဖြတ်ခဲ့ပါတယ်၊ ပဏာမအချက်အလက်တွေအရ လူဦးရေ ၃၀၀၀ကျော်ရှိပြီး အကူအညီလိုအပ်သူတိုင်းအတွက် ယာယီနေရာ ထိုင်ခင်းတွေကိုပါ ထောက်ပံ့ပေးသွားမယ်” လို့ အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း အသံထက်မြန်တဲ့ ရုရှားနိုင်ငံထုတ် ဆူခိုင်-၃၄ (Sukhoi-34) တိုက်လေယာဉ်ဟာ ဘဲလ်ဂရော့တ်မြို့မှာ ပေါက်ကွဲစေခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နှစ်ခုစလုံးက ဆက်စပ်နေတာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Up