close

ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့သည့် ဂျပန်ကုန်သင်္ဘော ဖိလစ်ပိုင်ပင်လယ်နက်၌ ပြန်တွေ့

၁၉၄၁ ခုနှစ် ဇူလိုင်လထဲမှာ ပါပူအာနယူးဂီနီကနေ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို သွားရောက်ခဲ့တဲ့ ဂျပန်ကုန်တင်သင်္ဘော SS Montevideo Maru ကို ဖိလစ်ပိုင် ပင်လယ်နက်ထဲမှာ ပြန်လည်တွေ့ရှိခဲ့ပြီလို့ The Japan Times သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်သုံ့ပန်းတွေ တင်ဆောင်လာတဲ့ အမှတ်အသားလည်း မပြထားလို့ အမေရိကန် ရေငုပ်သင်္ဘောတစင်းက ပစ်ချလိုက်ရာကနေ နစ်မြုပ်ပျောက်ဆုံးသွားတာဖြစ်ပြီး အခု ပြန်လည်တွေ့ရှိခဲ့တာလို့ ဧပြီ ၂၂ ရက်မှာ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး မစ္စတာရစ်ချတ်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ရစ်ချတ်က “SS Montevideo Maru သင်္ဘော ပျောက်ဆုံးသွားတဲ့အတွက် သေဆုံးရာမှာ ပါဝင်သွားခဲ့တဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် မတင်မကျဖြစ်ခဲ့ကြရတဲ့ လုပ်ငန်းစဉ်တခုကို နှစ်ပေါင်းများစွာကြာမှ ဖြေရှင်းနိုင်လိုက်တာဖြစ်ပြီး လာမယ့် ဧပြီ ၂၅ ရက်နေ့ဟာ ဩစတြေးလျနဲ့ နယူးဇီလန်မှာ စစ်မက်ဖြစ်ပွားရင်း သေဆုံးခဲ့တဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုအောက်မေ့တဲ့နေ့ဖြစ်လို့ ဒီမတိုင်ခင် SS Montevideo Maru သင်္ဘောကို ပြန်တွေ့လိုက်နိုင်တာ ကျေနပ်ဖွယ်ရာပါပဲ” လို့ သတင်းဌာနတွေကို ပြောပါတယ်။

သင်္ဘောရှာဖွေရေးအစီအစဥ်ကို ငါးနှစ်စီမံကိန်းချပြီး ဧပြီ ၆ ရက်က စတင်ကာ အကျိုးအမြတ်မယူတဲ့ ရေအောက်စူးစမ်းရှာဖွေမှုအဖွဲ့တဖွဲ့က ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ သွားရောက်ရှာဖွေရင်း ဧပြီ ၁၈ ရက်နေ့မှာ ဖိလစ်ပိုင်ကမ်းခြေ အနောက်ဘက် လူဇွန်ကျွန်းအနီး ရေအောက် မီတာ ၄,၀၀၀ ကျော်အနက်မှာ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အဆိုပါသင်္ဘောနစ်မြုပ်မှုမှာ ဩစတြေးလျ စစ်သုံ့ပန်း ၈၆၄ ယောက်အပြင် နိုင်ငံပေါင်း ၁၃ နိုင်ငံက သင်္ဘောပေါ်လိုက်ပါခဲ့သူ အားလုံး ၁,၀၆၀ ယောက် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ နော်ဝေကုန်တင်သင်္ဘော Herstein က သင်္ဘောသား ၃၃ ယောက်၊ ဂျပန်သင်္ဘောစောင့်နဲ့ သင်္ဘောသား အယောက် ၂၀ တို့ပါ ဒုတိယကမ္ဘာစစ်အတွင်းက ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးအဖြစ် ဒဏ္ဍာရီဆန်ဆန် ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

Up