အိန္ဒိယတောင်ပိုင်း မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ ၃ ဘီလီယံခွဲကျော် စံချိန်တင်ရရှိ

အိန္ဒိယတောင်ပိုင်း မီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်းဟာ ၂၀၂၂ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံနဲ့ စံချိန်တင်နိုင်ခဲ့ကြောင်း Confederation of Indian Industry (CII) က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဘာသာစကားလေးမျိုး ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ဝင်ငွေလမ်းကြောင်းတွေထဲက အကြီးဆုံးအပိုင်းက ပြည်တွင်းရုပ်ရှင်ရုံက ရရှိတဲ့ဝင်ငွေဖြစ်ပြီး ဒစ်ဂျစ်တယ် တိုက်ရိုက်ထုတ်လွှင့်ခွင့်က ဒေါ်လာ ၂၂၄ သန်းနဲ့ ဂြိုဟ်တုလုပ်ပိုင်ခွင့်က ဒေါ်လာ ၁၆၁ သန်းဖြစ်ပြီး ကျန်တာတွေကတော့ ပြည်ပရုပ်ရှင်ကဇာတ်ရုံတွေနဲ့ ဂီတမူပိုင်ခွင့်တွေအတွက် ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းဒေသဟာ နိုင်ငံ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရှိပေမဲ့ နိုင်ငံ့ GDP ကိုတော့ ၃၂ ရာခိုင်နှုန်း ထောက်ပံ့ပေးနေတာဖြစ်ပြီး အစီရင်ခံစာမှာတော့ အိန္ဒိယရုပ်ရှင်အားလုံးရဲ့ ဝင်ငွေဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယတောင်ပိုင်းကတော့ ဒေါ်လာ ၉၉၅ သန်း ဒါမှမဟုတ် စုစုပေါင်း ဝင်ငွေရဲ့ ၅၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အစီရင်ခံစာမှာ အိန္ဒိယရှိ ရုပ်ရှင်ရုံစုစုပေါင်းမှာ ၈,၇၀၀ အဖြစ် မှတ်တမ်းတင်ထားပြီး အိန္ဒိယ တောင်ပိုင်းမှာ ရုပ်ရုင်ရုံ ၄,၂၁၆ ခုနဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
“အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း တောင်အိန္ဒိယရဲ့ မီဒီယာနဲ့ ဖျော်ဖြေရေးကဏ္ဍဟာ ဒေသတွင်း ဘာသာစကားရုပ်ရှင်လုပ်ငန်းနဲ့ တိုးတက်မှုအတွက် စံနှုန်းအသစ်တွေ သတ်မှတ်ပေးထားပြီး ကြီးမားတဲ့ တိုးတက်မှုအတွက် ပြင်ဆင်နေပါတယ်” လို့ CII ဥက္ကဋ္ဌ ထုတ်လုပ်သူ သီယာ ဂရာဂျန်က ပြောပါတယ်။