ဘော့စနီးယား တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၇၀ ရှိ ဆားဘီးယားကစားသမား ဗိုလ်စွဲ

ဘောစနီးယားနိုင်ငံက ဘန်ညာလူကာ တင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ဧပြီ ၂၃ ရက်က ကျင်းပရာ မထင်မှတ်ထားတဲ့ ဆားဘီးယားကစားသမား ဒူဆန် လာယိုဗစ်က ကမ္ဘာ့အဆင့် ၆ ရုရှားကစားသမား အန်ဒရေး ရူဘလက်ဗ်ကို ၆-၃၊ ၄-၆၊ ၆-၄ ရလဒ်တို့နဲ့ အနိုင်ယူကာ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၇၀ နေရာမှာသာ ရပ်တည်နေခဲ့တဲ့ လာယိုဗစ်ဟာ ဒီပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ရာ လက်စွမ်းတွေနဲ့အတူ ဆက်တိုက်အနိုင်ရရှိခဲ့တာကြောင့် ရမှတ်ပေါင်း ၂၅၀ အပြင် အဆင့်ရပ်တည်ချက်မှာလည်း အထက်ပိုင်း နေရာ ၃၀ အထိ တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တနိုင်ငံတည်းသားဖြစ်တဲ့ ကမ္ဘာ့အဆင့် ၁ နေရာက ၂၂ ကြိမ်မြောက် ဂရန်းဆလမ်း ချန်ပီယံဆုရှင် နိုဗက်ခ် ဂျိုကိုဗစ်ကို လာယိုဗစ်က အနိုင်ယူခဲ့တာဖြစ်ပြီး ဆီးမီးဖိုင်နယ်အဆင့်မှာလည်း နောက်ထပ် ဆားဘီးယားကစားသမား မီယိုမီ ကက်မန် နိုဗစ်ကိုပါ သူက အနိုင်ရရှိခဲ့တာပါ။
ဒါဟာ ၂၀၀၇ ခုနှစ်မှာ ပရိုကစားသမားအဖြစ် စတင်ပြောင်းလဲခဲ့တဲ့ လာယိုဗစ်အတွက် သူ့ရဲ့ အမြင့်ဆုံးအောင်မြင်မှု ၁၀ ခုထဲက ၈ ခုမြောက် ဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ခရိုအေးရှားအိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲကြီးတခုရဲ့ ဒုတိယမြောက် ချန်ပီယံဆုကို လာယိုဗစ် အခုလို ထိုက်တန်စွာ ရရှိခဲ့တာပါ။
တရက်တည်းမှာပဲ နောက်ထပ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ ဘာစီလိုနာအိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ၂ ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၅ ကစားသမား စတက်ဖာနို့စ် စီစီပက်စ်ကို ၆-၃၊ ၆-၄ ရလဒ်တွေနဲ့အတူ နှစ်ပွဲဆက် အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါဟာ အသက် ၁၉ နှစ်အရွယ် စပိန်ကစားသမားအတွက် မြေစေးကွင်းမှာ ၆ ကြိမ်မြောက် အောင်မြင်မှုဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ပရိုကစားသမားဖြစ်လာခဲ့တဲ့ သူ့အနေနဲ့လည်း ချန်ပီယံဆုပေါင်း ၉ ခုအထိ ရယူသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။