close

မက္ကဆီကိုသမ္မတ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

မက္ကဆီကိုနိုင်ငံသမ္မတဖြစ်သူ အန်ဒရေ့စ် မန်ဝဲလ် လိုပက်ဇ် အိုဘရာဒေါဟာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စစ်ဆေးမှုအတွင်း တတိယအကြိမ်မြောက် ကူးစက်ခံထားရတယ်လို့ ဧပြီ ၂၃ ရက်မှာ အတည်ပြု ပြောကြားပါတယ်။

သမ္မတအနေနဲ့ အပြင်းဖျားတာမျိုး မရှိပေမဲ့လည်း ရက်အနည်းငယ်ကြာ အနားယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်မှာ နှလုံးရောဂါ အပြင်းအထန် ခံစားခဲ့ရတဲ့ အသက် ၆၉ နှစ်အရွယ် လိုပက်ဇ် အိုဘရာဒေါဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်မားဆုံးကာလအတွင်း သူ့ရဲ့ အရင် ၂ ကြိမ်တုန်းက ကူးစက်ခံရမှုရဲ့ အပျော့စား ရောဂါလက္ခဏာသာ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

“စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်သလို နှလုံးကလည်း ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်ပါတယ်” လို့ မက္ကဆီကိုသမ္မတရဲ့ တရားဝင် တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

မနက်ပိုင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကိုတော့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ အာဒန် သြဂူ စတို လိုပက်ဇ်က တာဝန်ယူသွားမှာဖြစ်တယ်လို့ လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ နှလုံးသွေးကြောသွင်းကုထုံးကို ခံယူခဲ့ရပေမဲ့လည်း ဒီ မက္ကဆီကို သမ္မတက ကျန်းမာရေးကောင်းမွန်နေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သမ္မတအနေနဲ့ နှလုံးဓာတ်မှန်ရိုက်တာ၊ ဓာတ်ခွဲစစ်ဆေးတာ၊ စိတ်ဖိစီးမှု စမ်းသပ်တာမျိုးတွေအပြင် စီတီစကန် ရိုက်တာမျိုးတွေနဲ့အတူ ပုံမှန်ဆေးစစ်မှု ခံယူလျက်ရှိတယ်ဆိုပြီး မက္ကဆီကိုအစိုးရက ပြောကြားထားပါတယ်။

Up