ဆိုဗီယက်ယူနီယံက ကွဲထွက်ခဲ့သည့်နိုင်ငံများကို လေးစားမှုရှိဟု တရုတ်ပြော

တရုတ်နိုင်ငံဟာ ဆိုဗီယက်ယူနီယံပြိုကွဲမှုကနေ ထွက်ပေါ်လာခဲ့တဲ့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတွေရဲ့ အနေအထားကို လေးစားမှုရှိတယ်လို့ ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
ပဲရစ်မြို့မှာ ပေကျင်းရဲ့ သံအမတ်ကြီးဖြစ်သူက ဒီနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာအပေါ် မေးခွန်းထုတ်ခဲ့လို့ သံတမန်ရေးအရ အငြင်းပွားစရာ ဖြစ်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ တရားဝင် သဘောထားရပ်တည်ချက်လည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဧပြီ ၂၁ ရက်မှာ ပြင်သစ်ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတခုအတွင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဖြစ်သူ လူရှေးက ယူကရိန်းလိုမျိုး ဆိုဗီယက်နိုင်ငံဟောင်းတွေရဲ့ အချုပ်အခြာအာဏာအပေါ်မှာ မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး ဒီနိုင်ငံတွေဟာ “နိုင်ငံတကာဥပဒေထဲမှာ အဆင့်ရပ်တည်ချက်မရှိဘူး” လို့ ပြောဆိုခဲ့တာပါ။
သံအမတ်ကြီးရဲ့ မှတ်ချက်ဟာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်လား ဆိုပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကို မြို့တော်ပေကျင်းမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း မေးခွန်းထုတ်ခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အလုံးစုံသော အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတွေကသာ ဒီလိုအဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာနိုင်တာပါ။ ဒါဟာ နိုင်ငံတကာ ဘုံသဘောထားလည်း ဖြစ်ပါတယ်” လို့ မော်က တရုတ်အစိုးရရဲ့ တရားဝင် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ဆိုဗီယက်နိုင်ငံဟောင်းတွေနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ပထမဆုံးသော နိုင်ငံတွေထဲက တခုလည်း ဖြစ်တယ်လို့ မော်က ဖြည့်စွက်ပြောပါတယ်။