close

ပိတ်ဆို့အရေးယူမှုများကို မြောက်ကိုရီးယား ဗြောင်ကျကျချိုးဖောက်နေဟု သမ္မတဘိုင်ဒင် ပြော

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဗြောင်ကျကျချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဧပြီ ၂၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီကြေညာချက်ဟာ မြောက်ကိုရီးယားအရေး၊ ချစ်ပ်ပြားနဲ့ ကုန်သွယ်ရေး၊ ယူကရိန်းစစ်ပွဲ အပါအဝင် ပြဿနာတွေကို လွှမ်းခြုံထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားခေါင်းဆောင် ယွန်းဆွတ်ခ်ယိုးတို့အကြား အိမ်ဖြူတော်ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတာပါ။

ဆိုးလ်က ပြုံယမ်းရဲ့ ကိုယ်ပိုင်နျူးကလီးယားလက်နက် အစီအစဉ်ကို ဆက်မလုပ်နိုင်စေဖို့ အသစ်ထပ်မံ ကတိပြုခြင်းလည်း ပါဝင်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အကျပ်ကိုင်တဲ့ နည်းလမ်းတွေကိုသုံးပြီး စီးပွားရေးအမြတ်ထုတ်မှုမျိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဘိုင်ဒင်က ပြောပါတယ်။

ပြုံယမ်းရဲ့ လက်နက်တိုက်မှာ ဒုံးကျည်တွေနဲ့ ဗုံးတွေ များပြားလာတဲ့အပေါ် စိုးရိမ်နေရတဲ့ ကြားမှာပဲ မြောက်ကိုရီးယားနဲ့ ပဋိပက္ခမှန်သမျှအတွက် သူ့ရဲ့ နျူးကလီးယားစီမံကိန်းကို ပိုပြီး အတွင်းကျကျ သိမြင်စေရမယ်လို့ အမေရိကန်က တောင်ကိုရီးယားကို ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့ပါတယ်။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယားသမ္မတ ယွန်းကလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် သူနဲ့ ဘိုင်ဒင်တို့ဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို အားကောင်းစေမယ့် အဆင့်တွေကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

“မြောက်ကိုရီးယားရဲ့ နျူးကလီးယားတိုက်ခိုက်မှုဖြစ်စဉ်မှာ နှစ်နိုင်ငံ သမ္မတဆွေးနွေးပွဲတွေ ချက်ချင်းလုပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပြီးတော့ အမေရိကန် နျူးကလီးယားလက်နက်တွေ အပါအဝင် မဟာမိတ်တွေရဲ့ အင်အား အပြည့်သုံးပြီးတော့ မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ကြောင်း” သမ္မတ ယွန်းက ပြောသွားပါတယ်။

သမ္မတ ဘိုင်ဒင်ကလည်း အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ညှိနှိုင်းမှုတွေလုပ်ဖို့ မြောက်ကိုရီးယားကို ကမ်းလှမ်းထားကြောင်း ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားမစ်ရှင်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။

Up