close

ရုရှား၏အကြီးစားလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦး သေဆုံး

ရုရှားဟာ ၂ လနီးပါးအတွင်း သူ့ရဲ့ပထမဆုံး အကြီးစား လေကြောင်းတိုက်ခိုက်မှုအနေနဲ့ ဧပြီ ၂၈ ရက် အစောပိုင်းက ယူကရိန်းရှိ မြို့တွေဆီကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာကြောင့် အရပ်သား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံအလယ်ပိုင်း Uman မြို့မှာ ရုရှားဒုံးကျည်တစင်းကြောင့် ကလေးငယ် အများအပြား အပါအဝင် အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး လူနေတိုက်ခန်းတခု အပေါ်ထပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ 

ကယ်ဆယ်ရေးသမားတွေဟာ မီးခိုးတွေအူနေတဲ့ အပျက်အစီးပုံတွေကြားမှ အလောင်းကို ထမ်းစင်ပေါ်မှာ သယ်ဆောင်သွားကြပါတယ်။ 

သတ္တမထပ်ရှိ တိုက်ခန်းတခုအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သော အသက် ၅၈ နှစ်ရှိ ဆာဟီး လူဘစ်ဗ်စကီးက “ဘယ်သူမှ မကျန်တော့ဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

ပေါက်ကွဲမှုကြောင့် သူတို့အရှေ့တံခါး ပိတ်သွားပြီးနောက်မှာ လသာဆောင်ကနေ ဇနီးဖြစ်သူနဲ့ အတူ လွတ်မြောက်သွားတာဖြစ်ပြီး အဲဒီမှာ မီးသတ်သမားတွေက သူတို့ကို ကယ်ဆယ်ခဲ့တာပါ။

ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာ မတ်လ အစောပိုင်းကတည်းက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရုရှားဟာ ဆောင်းရာသီကာလ အများစုမှာ အပတ်စဉ်လိုလို တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် နွေဦးရာသီကို ရောက်ရှိချိန်မှာ လျော့နည်းသွားခဲ့ပြီး အနောက်နိုင်ငံတွေက မော်စကိုဟာ ဒုံးကျည် တွေ ကုန်သွားပြီလို့တောင် ပြောဆိုကြပါတယ်။ 

သောကြာနေ့ညနေပိုင်းမှာတော့ ယူကရိန်းအရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသ တချို့မှာ လေကြောင်းသတိပေးချက်အသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ သတိပေးချက်တွေကို လျစ်လျူ မရှုကြဖို့ တာဝန်ရှိသူတွေက ဒေသခံတွေကို ပန်ကြားထားပါတယ်။ 

Up