မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကား ၂ စီးတိုက်မိပြီး လူ ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမ၊ ကွမ်းခြံကုန်းကွေ့မှာ မေလ ၁ ရက် ညနေပိုင်းက ပြောင်းဆန်တင်တွဲကားနဲ့ သစ်ဆန်း Express ခရီးသည်တင်ကားတို့ တိုက်မိပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ကော့ကရိတ်ဘက်က မြဝတီကိုပြန်တဲ့ အာရှလမ်းပေါ်မှာ ညနေ ၄ နာရီခွဲလောက် မိုးရွာထားချိန် ပြောင်းဆန်တင်တွဲကား စလစ်ဖြစ်ကာ Express ကားအရှေ့ပိုင်းနဲ့ တိုက်မိပြီး ဘေးတစောင်း တိမ်းမှောက်သွားခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “အာရှလမ်းမပေါ်မှာ မိုးကရွာထားတော့ ပြောင်းဆန်ကားက စလစ်ဖြစ်ပြီး Express ကားနဲ့ငြိပြီး မှောက်သွားတာ။ ယာဉ်အကူ ကောင်လေးကတော့ သူထိုင်တဲ့ဘက်ခြမ်းက ဖြစ်သွားတော့ သေသွားတယ်။ သူက ပဲခူးမှာနေတယ်လို့ ပြောတယ်။ ပြောင်းဆန်ကားသမားက ကားလည်းမှောက်ပြီးရော တိမ်းရှောင်သွားတယ်” လို့ ပြောပါတယ်။
သစ်ဆန်း Express ကားဟာ ရန်ကုန်-မြဝတီ ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး အဲ့ဒီမနက်ပိုင်းက ရန်ကုန်ကနေ ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် သစ်ဆန်းကားပေါ်က ပဲခူးမြို့မှာနေထိုင်သူ ယာဉ်အကူ အမျိုးသား သေဆုံးသွားပြီး ကားပေါ်ပါ ခရီးသည်တချို့ ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြောင်းဆန်ကားမောင်းသူက ယာဉ်တိုက်မှုအပြီး ကားကိုထားခဲ့ကာ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သိရပြီး သေဆုံးသူရုပ်အလောင်းကို မြဝတီမြို့ဆေးရုံ ပို့ဆောင်ထားပါတယ်။
အာရှလမ်း၊ ကွမ်းခြံကုန်းကွေ့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ဇာတ်အဖွဲ့ကားတစီး တိမ်းမှောက်ပြီး လူ ၆ ဦးသေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ ( အလင်းသစ် rescue )