close

နာပိုလီအသင်း စီးရီးအေချန်ပီယံဆု ဆွတ်ခူးပြီးနောက် နေပယ်မြို့တွင် ညလုံးပေါက် အောင်ပွဲခံ

နှစ်ပေါင်း ၃၃ နှစ်အတွင်း စီးရီးအေချန်ပီယံဆုကို နာပိုလီအသင်းက ပထမဆုံးအကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့တာကြောင့် အသင်းအခြေစိုက် အီတလီမြောက်ပိုင်းရှိ နေပယ်မြို့မှာ မေလ ၄ ရက်က တညတာလုံး အောင်ပွဲခံခဲ့ကြပါတယ်။

အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး ဒီယေဂို အာမန်ဒို မာရာဒိုနာက နာပိုလီအသင်းရဲ့  ဒုတိယမြောက် စီးရီးအေဖလား အောင်မြင်မှုကို ၁၉၉ဝ ပြည့်နှစ်မှာ နောက်ဆုံး ရယူပေးခဲ့တာပါ။ အဲ့ဒီအချိန်ကစလို့ ချမ်းသာကြွယ်ဝတဲ့ ဂျူဗင်တပ်စ်၊ အင်တာနဲ့ အေစီမီလန် တို့လို အီတလီမြောက်ပိုင်းအသင်းတွေကသာ စကူဒတ်တို (ခေါ်) စီးရီးအေဖလားကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

နာပိုလီအသင်းဟာ အမှတ်ပေးဇယားအလယ်က အူဒီးနိစ်အသင်းကို အဝေးကွင်းမှာ တဂိုးစီ သရေကျခဲ့ပြီးနောက် ရာသီလက်ကျန် ၅ ပွဲအလိုမှာတင် ဒုတိယနေရာက လာဇီယိုအသင်းအနေနဲ့ လိုက်မီဖို့ မဖြစ်နိုင်တော့တာကြောင့် ချန်ပီယံဆုကို တဖန်ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

တဖက်ပြိုင်ဘက် အူဒီးနိစ်အသင်းဟာ အီတလီအရှေ့မြောက်ပိုင်းမှာ အခြေစိုက်တာဖြစ်ပြီး နေပယ်မြို့ကနေ ကီလိုမီတာပေါင်း ၈၀၀ ကျော်အထိ ကွာဝေးပါတယ်။ ဒါကြောင့် နာပိုလီပရိသတ်တွေက တီဗီမျက်နှာပြင်ကျယ်ကြီးတွေနဲ့အတူ အိမ်ကွင်းဖြစ်တဲ့ မာရာဒိုနာ အားကစားကွင်းကြီးမှာ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

Up