၂၀၁၈ စစ်ရေးပြအခမ်းအနား တိုက်ခိုက်မှု ဦးဆောင်သူကို အီရန် ကွက်မျက်

လူ ၂၅ ဦး သေဆုံးခဲ့ရတဲ့ ၂၀၁၈ ခုနှစ် စစ်ရေးပြအခမ်းအနား တိုက်ခိုက်မှုအပါအဝင် အာရပ်ခွဲထွက်ရေးအုပ်စုကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆွီဒင်-အီရန် နိုင်ငံသား ၂ မျိုး ခံယူ ထားတဲ့ အတိုက်အခံခေါင်းဆောင်တဦးကို မေ ၆ ရက်က ကွပ်မျက်လိုက်ပြီလို့ အီရန် တရားရေးဌာနက ပြောပါတယ်။
ဟာဘစ် ဖှာရာယိုလာ ရှာ့ဘွန်အား ကွပ်မျက်တာကို ကန့်ကွက်ဖို့ အီရန် လက်ထောက် သံအမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရှာ့ဘွန်ဟာ အီရန်နိုင်ငံရဲ့ တင်းကျပ်တဲ့ အစ္စလာမ္မစ်ဥပဒေတွေအောက်မှာ အကျင့်ပျက်ခြစားမှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။
အီရန်နိုင်ငံအနောက်တောင်ပိုင်းရှိ ရေနံကြွယ်ဝတဲ့ ခူဇက်စတန် ပြည်နယ်မှာ သီးခြားပြည်နယ် တခု ရရေး ကြိုးစားနေတဲ့ အာရပ် လွတ်မြောက်ရေးအတွက် အာဝှက်ဇ် လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်ရင်း ဗုံးခွဲမှုတွေ၊ အကြမ်းဖက် စစ်ဆင်ရေးတွေ အများအပြားလုပ်ဖို့ ကြံစည်မှုအတွက် သူ့ကို အီရန်က ၂၀၂၂ ခုနှစ်မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ဆွီဒင်၊ အစ္စရေးနှင့် ဒေသတွင်းနိုင်ငံတွေက လုံခြုံရေးအေဂျင်စီတွေက ရှာ့ဘွန်နဲ့ သူ့အဖွဲ့ကို ကျောထောက်နောက်ခံပေးလို့ နှစ်ပေါင်းများစွာအတွင်း အီရန်နိုင်ငံသား ၄၅၀ သေဆုံး ဒဏ်ရာရ ခဲ့တယ်လို့ ကွပ်မျက်ကြောင်း ကြေညာချက်ထဲမှာ တရားရေးအရာရှိက စွပ်စွဲခဲ့ပါတယ်။
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘီးယပ်စ် ဘီလ်စထရောင်းမ်က ရှာ့ဘွန်ရဲ့ ကွပ်မျက်မှုအပေါ် စိတ်ပျက်ဖွယ်ရာလို့ ပြောဆိုတုံ့ပြန်ခဲ့ပြီး အရေးမယူဖို့ ဆွီဒင်က အီရန်ကို ပန်ကြားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
“သေဒဏ်ဟာ လူမဆန်ဘဲ နောက်ပြန်မဆုတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး ဆွီဒင်က ကျန်တဲ့ EU နိုင်ငံတွေနဲ့အတူ အခြေအနေ အားလုံးမှာ ရှုတ်ချပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ အိမ်နီးချင်းတူရကီ နိုင်ငံထဲမှာ ရှာ့ဘွန်ကို ဖမ်းဆီးခဲ့ပြီး အီရန်မြို့တော် တီဟီရန်ဆီ ခေါ်သွားတယ်လို့ ၂၀၂၀ ခုနှစ်မှာ အီရန်က ပြောခဲ့ပါတယ်။
၁၉၈၈ ခုနှစ်က အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ကွပ်မျက်မှုမှာ အီရန်အရာရှိဟောင်းတဦးကို ဆွီဒင်တရားရုံးက တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့လို့ အီရန်နဲ့ ဆွီဒင်ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။