close

အိန္ဒိယတွင် လှေမှောက်ပြီး ကလေးအပါအဝင် ၂၁ ဦး ရေနစ်သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဧပြီ ၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီက လှေတစင်း တိမ်းမှောက်ခဲ့ကာ ကလေးတွေအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည် ၃၀ ကနေ ၄၀‌ ကြား တင်ဆောင်လာတဲ့ အဆိုပါလှေဟာ ကီရာလာပြည်နယ် မာလပ်ပူရမ်ခရိုင်ရှိ ကမ်းရိုးတန်းမြို့ တန်နာအနီးမှာ တိမ်းမှောက်ခဲ့တာပါ။

ခရီးသည် ၁၀ ဦးခန့်ကို ဆေးရုံမှာ ကုသပေးနေပြီး ၄ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေလို့ သိရပြီး တချို့လူတွေ ပျောက်ဆုံးနေမှာကို စိုးရိမ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကီရာလာပြည်နယ် အားကစားဝန်ကြီး ဗွီအဒူဟီမန်းက လှေဟာ ရွှံထဲမှာ နစ်နေတာကြောင့် လှေကိုဆွဲထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“စက်လှေကို ကမ်းပေါ်ဆွဲတင်နေပြီး အတွင်းပိုင်းကနေ အလောင်းတွေ ထပ်မံဆယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်” လို့ သူက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကျောင်းပိတ်ရက် လှေလာစီးတဲ့ ကလေးငယ်တွေ ပါဝင်ခဲ့ပြီး အမျိုးသားဘေးအန္တရာယ်တုံ့ပြန်‌ရေး တပ်ဖွဲတဖွဲ့က အဆိုပါနေရာကို ရောက်ရှိခဲ့ကြောင်း ကီရာလာပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မေ ၈ ရက်ကို တရားဝင် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ကီရာလာမှာ လှေမှောက်မှုကြောင့် အသက်တွေဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်ရပါတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က အိန္ဒိယတောင်ပိုင်း အန်ဒဟာပြည်နယ်မှာ‌လည်း ရှုခင်းကြည့်လှေတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၂ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

Source - Sky News

Up