ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘက် ဂျူဂျစ်ဆုပြိုင်ပွဲတွင် ရွှေနှင့် ငွေတံဆိပ် ရရှိ

အသက် ၃၈ နှစ်အရွယ် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ၊ နည်းပညာဘီလျံနာ မာ့ခ် ဇူကာဘက်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ရက်ဝုဒ်မြို့မှာ လေ့ကျင့်သင်ကြားနေတဲ့ ဂေါ်ရီလာ ဂျူဂျစ်ဆု အဖွဲ့အတွက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေနဲ့ ငွေ တံဆိပ် ရရှိခဲ့ပါတယ်။
သူ့ရဲ့နည်းပြတွေ၊ မြေပြင်မှာ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဓာတ်ပုံတွေနဲ့အတူ အံ့ဩစရာကောင်းတဲ့သတင်းကို သူ့ရဲ့ အင်စတာဂရမ် နောက်လိုက် ၁၁ ဒသမ ၃ သန်းကို မျှဝေခဲ့ပါတယ်။
ဇူကာဘတ်ရဲ့ နည်းပြထဲက တဦးဖြစ်တဲ့ ခိုင်ဝူက “မနေ့က ဇက် ယှဉ်ပြိုင်တာကို တွေ့ရတာ တော်တော်လေး အံ့မခန်းပါပဲ။ ဘယ်ပွဲကမှတော့ လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ ဒါပေမဲ့ ရခဲ့တယ်။ တတ်နိုင်သမျှ အကြံဉာဏ်တွေ ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။
UFC ချန်ပီယံဟောင်း ကော်နာ မဂရီဂေါက “အရမ်းမိုက်တယ် မာ့ခ်” လို့ ရေးခဲ့သလို ဂျူဂျစ်ဆု ချန်ပီယံ ဘရာဇီးသား ဘာနန်ဒို ဖာရီကလည်း “အံ့သြစရာပဲ၊ ခြေထောက်ချုပ်ကွက်၊ လက်မောင်းချုပ်ကွက်နဲ့ တြိဂံချုပ်ကွက်တွေ အရမ်းမိုက်တယ်” လို့ ရေးသားထားပါတယ်။
ဇူကာဘက်ရဲ့ နည်းပြ ဒေ့ဗ် ကာမာရီလိုနဲ့ ဂျိမ်း တယ်ရီတို့ အလုပ်လုပ်ကိုင်တဲ့ ဂေါ်ရီလာ ဂျူဂျစ်ဆု အကယ်ဒမီဟာ ဆန်းဂျို့စ်မှာ အခြေစိုက်ပြီး အားကစားမှာ ယှဉ်ပြိုင်လိုသူတွေ အတွက် လူငယ် အခြေခံမှ လူကြီး အဆင့်မြင့်အထိ လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။