close

ထိုင်းရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွင် မသမာမှုနှင့် အမှားအယွင်းများရှိနေ

ထိုင်းနိုင်ငံမှာ လာမယ့် မေ ၁၄ ရက်မှာ တနိုင်ငံလုံးဆိုင်ရာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲသွားမပေးနိုင်သူတွေအတွက် ကြိုတင်မဲပေးခြင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေ မေ ၇ ရက်က ကျင်းပခဲ့ပါတယ်။

အဲဒီနေ့က ကြိုတင်မဲပေးရာမှာ အဆင်မပြေမှုနဲ့ အမှားအယွင်းတွေ များစွာရှိခဲ့ပြီး လူမှုကွန်ရက်မှာ  “ရွေးကောက်ပွဲကော်မရှင် ဘာအတွက်ဖွဲ့ထားသလဲ” ဆိုတဲ့မေးခွန်းနဲ့ Hashtag # တွဲ ဖော်ပြတာတွေလည်း ပျံ့နှံနေပါတယ်။

အဆိုပါကွဲလွဲမှားယွင်းမှုတွေမှာ ဆန္ဒမဲပေးရမယ့် စာအိတ်ပေါ်မှာ မဲဆန္ဒနယ်မြေ မှားယွင်းရေးသားတာ၊ မဲဆန္ဒနယ်မြေ ရေးမထားတာ၊ ကြိုတင်မဲပေးဖို့ အွန်လိုင်းကနေ မှတ်ပုံတင်ထားပေမဲ့ မဲရုံရှေ့မှာ မိမိအမည်ပါမလာတာ၊ နယ်မြေထဲမှာ ကြိုတင်မဲပေးထားသူ အရေအတွက်ထက် မဲလာပေးသူက ပိုများနေတာ၊ မဲပေးရမယ့် အကွက်ထဲမှာ မိမိပေးလိုတဲ့ ပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းအမည် ပါမလာတာ၊ ကိုယ်စားလှယ်လောင်းရဲ့ ဓာတ်ပုံအစား တခြားသူရဲ့ဓာတ်ပုံ ထည့်ထားတာ၊ မိမိနယ်မြေထဲ မဲရုံရှိပါလျက် တခြားနယ်မြေမှာ အုပ်စုလိုက် မဲသွားပေးတာ၊ သက်ကြီးရွယ်အိုတွေ တအုပ်ကြီးရောက်လာပြီး ကြိုတင်မဲထည့်သွားတာ စတဲ့ မသင်္ကာစရာတွေပါ တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းလွှတ်တော်အမတ်ဟောင်း နိုင်းချူဝစ် ကမွန်ဝိဆစ် (တရုတ်မာဖီးယားဂိုဏ်းနှင့် ထိုင်းအရာရှိများ လာဘ်စားမှု ဖော်ထုတ်နေသူ) ကလည်း အမ်နတ်ကျရွန်းခရိုင်ထဲမှာ မဲဆန္ဒနယ်မြေ ၁ ထဲကနေ နယ်မြေ ၂ ထဲမှာ ကြိုတင်မဲသွားထည့်သူ ၄,၇၃၅ ဦး၊ နယ်မြေ ၂ ကနေ နယ်မြေ ၁ ထဲ မဲသွားထည့်သူ ၂,၅၅၄ ဦး စုစုပေါင်း ၇,၀၀၀ ကျော်ရှိတယ်၊ မဲသွားပေးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေဟာ ကားနဲ့ တအုပ်ကြီးရောက်လာတယ်၊ ကြိုတင်မဲထည့်သူတွေဟာ ပုံမှန်အားဖြင့် မဲသွားထည့်ရမယ့်နေ့မှာ မအားလပ်လို့၊ တခြားဒေသမှာ အလုပ်လုပ်နေရလို့ အိမ်မပြန်နိုင်တဲ့ ကျောင်းသားတွေ လူလတ်ပိုင်းတွေ များတယ်၊ ဘာကြောင့် လူအိုတွေက တပြိုင်တည်း မအားလပ်ကြတာလဲ၊ ဘာကြောင့် မိမိနယ်မြေနဲ့ ၁၀ ကီလိုမီတာကျော်သာဝေးတဲ့ နယ်မြေမှာ ကြိုတင်မဲ သွားထည့်ကြသလဲ၊ ဒါဟာ သဘာဝမကျတဲ့ဖြစ်စဉ်ပဲလို့ သတင်းစာရှင်းပြီး ပြောပါတယ်။

ဒါ့အပြင် မဲရုံတခုမှာ‌ တအုပ်ကြီးရောက်လာပြီး ကြိုတင်မဲလာပေးတဲ့ ရွာသားတွေကို မေးထားတဲ့ ဗွီဒီယိုအထောက်အထားပါ ဖွင့်ပြခဲ့ပါတယ်။ အဆိုပါဗွီဒီယိုမှာ ရွာသား ၁ ဦးက သူတို့ကို ရွာသူကြီးက လာခိုင်းကြောင်း၊ ၁၀ ယောက်ကို ၁ စု မဲလာထည့်ရပြီး အိမ်ပြန်ရောက်ရင် တယောက် ဘတ် ၅၀၀ စီပေးမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

ကြိုတင်မဲပေးပွဲမှာ အခုလို မသမာမှုတွေရော၊ အမှားအယွင်းတွေ ရှိနေတဲ့အပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီရွေးကောက်ပွဲကို မအောင်မြင်စေချင်လို့ လုပ်နေတာလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

မဲစစ်တမ်းတွေမှာ ရေပန်းစားနေတဲ့ ရှပ်နီပါတီနဲ့ ကလောက်ကိုင်ပါတီကလည်း သတင်းစာရှင်းလင်းပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီမှားယွင်းမှုတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူး နိုင်းဆဝဲင် ဘွန်းမီးက ၂၀၂၃ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးဖို့ ကော်မရှင်အနေနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေအချာ စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အခုလိုဖြစ်သွားရတာတွေဟာ နယ်မြေထဲက အောက်ခြေဝန်ထမ်းတချို့ရဲ့ မှားယွင်းမှု အသေးအဖွဲတွေသာ ဖြစ်တယ်၊ လိုအပ်သလို စစ်ဆေးအရေးယူသွားမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေရဲ့ တန်ဖိုးရှိတဲ့ မဲ ၁ ပြား အလဟဿမ ဆုံးရှုံးစေရဘူး၊ အခုလို လွဲချော်မှားယွင်းမှုတွေ ထောက်ပြတဲ့အပေါ်မှာလည်း ကျေးဇူးတင်တယ်၊ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ပွင့်လင်းမြင်သာပြီး ပြည်သူတွေ စစ်ဆေးလို့ရတယ် ဆိုတဲ့ ပြယုဂ်တွေပဲဖြစ်တယ်၊ လာမယ့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ အခုလို အသေးအဖွဲ အမှားအယွင်းတွေ မရှိစေရဘူးလို့ မေ ၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မေလ ၇ ရက် ကြိုတင်ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်ဖို့ မှတ်ပုံတင်ထားသူ ၂,၂၂၂,၃၈၀ ဦးရှိပြီး ၂,၀၃၀,၆၂၈ ဦး လာရောက်မဲပေးတဲ့အတွက် ၉၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိတယ်လို့  ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် သတင်းဌာနနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတချို့က ပြည်သူ့ထောက်ခံအားပေးမှုရတဲ့ ပါတီတွေကို စစ်တမ်းကောက်ယူရာမှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ ကလောက်ကိုင်ပါတီနဲ့ ရှပ်နီပါတီက လူကြိုက်များ ရေပန်းစားနေတာကြောင့် သူတို့အာဏာမရအောင် မသမာမှုတွေသုံးမှာ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးရှာ အာဏာပြန်သိမ်းမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Up