close

လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် သမ္မတဟောင်း ထရမ့်ပ် ဒေါ်လာ ၅ သန်း နစ်နာကြေးပေးရ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက မဂ္ဂဇင်းစာရေးဆရာ အီးဂျင်းကယ်ရိုးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး လိမ်လည်သူလို့ နာမည်တပ်ရင်း အသရေဖျက်ခဲ့တယ်လို့ တရားသူကြီးတွေက မေ ၉ ရက်မှာ ဆုံးဖြတ်ခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၅ သန်း ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်သမ္မတဟောင်းဟာ အယူခံဝင်မယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က ပြောပါတယ်။

အမှုကို အယူခံဝင်နေသရွေ့ နစ်နာကြေးကို ထရမ့်ပ်က ပေးဆောင်ရမှာ မဟုတ်ပါဘူး။ ၁၉၉၅ - ၁၉၉၆ ခုနှစ်က မန်ဟက်တန်ရပ်ကွက်မှာရှိတဲ့ ဘာ့ဂ်ဒေါ့ဖ် ဂွဒ်မဲန်း စတိုးဆိုင် အဝတ်လဲခန်းမှာ ထရမ့်ပ်က သူ့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ အရပ်ဘက် တရားခွင်မှာ အသက် ၇၉ နှစ်အရွယ် ကယ်ရိုးက ထွက်ဆိုခဲ့တာပါ။

ကယ်ရိုးရဲ့ အခိုင်အမာပြောဆိုချက်ဟာ လုံးဝ ကလိမ်ကျတဲ့လုပ်ရပ်၊ အလိမ်အညာနဲ့ လှည့်ဖြားမှုလို့ Truth Social platform မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ရေးသားခဲ့ပြီး ကယ်ရိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။ စီရင်ချက်ကို ဖတ်ကြားချိန်မှာ ကယ်ရိုးက သူ့ရဲ့ရှေ့နေတွေနဲ့ လက်ချင်းချိတ်ထားခဲ့ပါတယ်။

မန်ဟက်တန်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးက အဖွဲ့ဝင်ကိုးဦးပါတဲ့ ခုံသမာဓိအဖွဲ့ဟာ ကယ်ရိုးကို ပြင်းထန်ဆိုးရွားတဲ့ ထိခိုက်မှုအတွက် လျော်ကြေးငွေ ဒေါ်လာ ၅ သန်း ချီးမြှင့်ခဲ့ပါတယ်။

လိင်ပိုင်းစော်ကားမှုတွေ့ရှိချက်ဟာ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုအတွက် သက်သေအဖြစ် လုံလောက်ပေမဲ့ ထရမ့်ပ်က ကယ်ရိုးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အချက်ကို ဂျူရီလူကြီးတွေက မတွေ့ခဲ့ပါဘူး။ ကယ်ရိုးကို စော်ကားတဲ့ကိစ္စ ထရမ့်ပ်ရဲ့ ငြင်းဆိုချက်ကို မပယ်ချမီ တရားသူကြီးတွေက အချိန် သုံးနာရီအောက်သာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။

ထရမ့်ပ်ကို အပြစ်ရှိကြောင်း ဥပဒေအရ တွေ့ရှိဖို့ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးသုံးဦးပါတဲ့ ခုံသမာဓိအဖွဲ့က တညီတညွတ်တည်း စီရင်ချက်ချခဲ့ပါတယ်။

ဧပြီ ၂၅ ရက်ကစခဲ့တဲ့ တရားခွင်တလျှောက်လုံးမှာ ထရမ့်ပ်က တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူ့ရဲ့ Truth Social platform မှာ ထရမ့်ပ်က ဒီစီရင်ချက်ဟာ “အမည်းစက်” လို့ ခေါ်လိုက်ပြီး “ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ ကျနော် လုံးဝမသိပါဘူး” လို့ ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သမ္မတထရမ့်ပ်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် သဘောထားစစ်တမ်းတွေမှာ ရှေ့ပြေးဖြစ်နေပြီး တခြားနိုင်ငံရေးသမားတွေကို နစ်မြုပ်သွားစေမယ့် အငြင်းပွားဖွယ်ရာ ကိစ္စတွေကို ကြံ့ကြံ့ခံ ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြသခဲ့ပါတယ်။

Up