တရုတ်အပေါ် စစ်ရေးအစီအစဉ် မလုပ်ဟု နေတိုးအဖွဲ့ ပြော

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုအဖြစ် မရှုမြင်ထားသလို တရုတ်အစိုးရအပေါ် စစ်ရေးအစီအစဉ်တွေ လုပ်မနေဘူးလို့ အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့ ထိပ်တန်း စစ်ဘက်အရာရှိက မေ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်အစိုးရဟာ စိန်ခေါ်မှုကိုသာ ကိုယ်စားပြုတယ်လို့ နေတိုးစစ်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ရော့ဘ် ဘောင်ဝါက သတင်းထောက်တွေကို ပြောပါတယ်။
“ကျနော်တို့ဟာ အကြမ်းဖက်အုပ်စုတွေနဲ့ ရုရှားအပေါ် စစ်ရေးအစီအစဉ်တွေ လုပ်နေတယ်။ သူတို့အပေါ်ကိုပဲ အစီအစဉ်တွေကို အာရုံစိုက်ထားတယ်” လို့ သူက မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်တပ်အကြီးအကဲတွေနဲ့ အစည်းအဝေးအပြီး ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်က နေတိုးဌာနချုပ်မှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲဟာ ခေတ်ဟောင်းလက်နက်တွေနဲ့ သင်တန်းပေးမှု ညံ့ဖျင်းတဲ့ ရုရှားစစ်သည် အင်အားအများအပြားက တဖက်၊ ပိုကောင်းတဲ့ အနောက်တိုင်းလက်နက်တွေနဲ့ သင်တန်းဆင်းထားတဲ့ ယူကရိန်းစစ်တပ်အင်အား နည်းနည်းက တဖက် တိုက်နေတဲ့စစ်ပွဲ ပိုဖြစ်လာလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်က သူပိုင်တယ်လို့ အခိုင်အမာပြောနေတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ သွားရောက်လည်ပတ်အပြီး တရုတ်နဲ့ နေတိုး ဦးဆောင်အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ကြားက ဆက်ဆံရေးဟာ မနှစ်က အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားခဲ့တာပါ။
တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက စစ်တပ်ချင်းကြား ဆက်ဆံရေးလမ်းကြောင်း အပါအဝင် အမေရိကန်နဲ့ တရားဝင်ဆက်ဆံရေးလမ်းကြောင်း အတော်များများကို ပိတ်ပစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ G20 ထိပ်သီးညီလာခံမှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တွေဖြစ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံအပြီး တင်းမာမှု ပြေလျော့ခဲ့သလို မကြာခန ပိုပြီး ဆွေးနွေးဖို့ကိုလည်း ကတိပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလမှာ တရုတ်မိုးပျံဘောလုံးတွေ အမေရိကန် လေပိုင်နက်ထဲ ပေါ်လာချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဆက်ဆံရေး ပြန်တင်းမာခဲ့ပါတယ်။