ဂျာမနီက ယူကရိန်းဒုက္ခသည်များအတွက် ယူရို ၁ ဘီလီယံ သုံးမည်

ဂျာမနီအစိုးရဟာ ဂျာမနီနိုင်ငံဆီ ရောက်လာတဲ့ ယူကရိန်းနိုင်ငံက အများစုအပါအဝင် ဒုက္ခသည်တွေအတွက် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် ယူရို ၁ ဘီလီယံ သုံးစွဲမယ်လို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က မေ ၁၀ ရက်နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
သူနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၆ ဦးတို့ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ဘာလင်မြို့တော်က အဓိပတိရုံးမှာ ရှို့လ်ဇ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရှို့လ်ဇ်နဲ့ သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး ခရစ်စီယံလင်ဒ်နာက ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုမှာရှိတဲ့ မြူနီစီပယ်နယ်မြေတွေအတွက် အစိုးရအနေနဲ့ ပိုက်ဆံပိုမပေးနိုင်ဘူးလို့ အရင်က ပြောခဲ့ပါတယ်။
ဂျာမနီဟာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားကတည်းက ယူကရိန်းဒုက္ခသည် တသန်းလောက်ကို လက်ခံ စာရင်းသွင်းထားတယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။
“တချိန်တည်းမှာပဲ တခြားနိုင်ငံတွေကနေ လာပြီး ဂျာမနီမှာ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် တိုးလာတယ်” လို့ ရှို့လ်ဇ်က ပြောပါတယ်။
ဂျာမနီရွှေ့ပြောင်းနေထိုင်မှုနှင့် ဒုက္ခသည်များအတွက် အေဂျင်စီ (Bamf) ဟာ အခုနှစ် ပထမလေးလအတွင်း ခိုလှုံခွင့်တောင်းခံသူ ၁၀၂,၀၀၀ နီးပါးကို မှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။