ဂျာမနီရှိ မာစီဒီးစ်ကား ထုတ်လုပ်ရေးစက်ရုံတွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေဆုံး

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းရှိ မာစီဒီးစ်ဘန့်ဇ် မော်တော်ကားထုတ်လုပ်ရေးစက်ရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် မေ ၁၁ ရက်က အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံမှာ တင်းကျပ်ထားပြီးသား သေနတ်ဥပဒေတွေကို ပိုပြီးတင်းကျပ်ဖို့ ဘာလင်အစိုးရအပေါ် ဖိအားတွေ တိုးလာနေပါတယ်။
ဂျာမန်တောင်ပိုင်း ဆင်းဒလ်ဖင်းဂန်မြို့ရှိ မာစီဒီးစ်စက်ရုံမှာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ရှေ့မှောက်မှာပဲ ဓားစာခံတွေကို ပစ်ခတ်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် သံသယရှိသူကို ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးခဲ့ပြီး ရဲတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးတို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံသယရှိသူဟာ ဖမ်းဆီးတာကို မခုခံခဲ့ကြောင်းနဲ့ သေဆုံးသူ ၂ ဦးစလုံး အသက် ၄၄ နှစ်အရွယ်တွေဖြစ်ကြပြီး ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။
မနေ့က ပစ်ခတ်မှုရဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးသူတွေက မဖော်ထုတ်ရသေးပါဘူး။
သေနတ်သမားနဲ့ သေဆုံးသူ ၂ ဦးတို့ဟာ ပြင်ပဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းက ပုဂ္ဂိုလ်တွေ ဖြစ်ကြောင်း မာစီဒီးစ်ဘန့်ဇ် ကုမ္ပဏီက ပြောပါတယ်။
ဝမ်းနည်းကြေကွဲဖွယ်သတင်းကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိကြောင်း မာစီဒီးစ်ကုမ္ပဏီက ထုတ်ပြန်ချက်တခုမှာ ပြောကြားပြီး ဒေသခံတွေနဲ့ စက်ရုံအလုပ်သမားတွေ အတွက် ဘာအန္တရာယ်မှ မရှိတော့ကြောင်းလည်း ဆိုပါတယ်။
သံသယရှိသူဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ အခင်းဖြစ်ပွားရာနေရာကို ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ လုပ်သားအင်အား ၃၅,၀၀၀ ရှိတဲ့ စက်ရုံရဲ့ ထုတ်လုပ်ရေးအပိုင်းကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့နဲ့ စတုဂတ် အစိုးရရှေ့နေတို့က ပြောကြားခဲ့ပါတယ်။
လတ်တလောနှစ်တွေအတွင်း ဂျာမနီမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများအပြားထဲမှာ ခုဖြစ်ရပ်က နောက်ဆုံးဖြစ်ပြီး အများစုဟာ အစွန်းရောက်ဝါဒနဲ့ ဆက်နွှယ်မှုရှိကြပါတယ်။